Wednesday, June 25, 2008

ဥရောပပါလီမန်အဖွဲ့ကြေညာချက်ကို အာစီယံ ပါလီမန်အတွင်းမှ ထောက်ခံကြိုဆို

ဉာဏ်မောင်။ ဇွန် ၂၅၊ ၂၀၀၈

ဥရောပ ပါလီမန်အတွင်းမှ မြန်မာ့အရေး ဆောင်ရွက်နေသူများအဖွဲ့ကြေညာချက်ကို အာစီယံ ပါလီမန်အတွင်းမှ ထောက်ခံကြိုဆိုလိုက်သည်။

ဥရောပ (၈) နိုင်ငံမှ ပါလီမန်အမတ်များပါဝင်သည့် မြန်မာ့အရေးဆောင်ရွက်သူများ၏ ကြေညာ ချက်သည် လက်ရှိမြန်မာနိုင်ငံအခြေအနေများကို အချိန်ကိုက်ထုတ်ပြန်ကြေညာခြင်းဖြစ်၍ ထောက်ခံအားပေးကြောင်း အာစီယံ ပါလီမန်အတွင်း မြန်မာ့အရေးဆောင်ရွက်နေသူများက ယခုလ (၁၉) ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

မြန်မာစစ်အစိုးရအား ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့်အခြား အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့များမှ ပြင်းထန်စွာအရေးယူမှုကို တွန်းအားပေးရန် အဓိကထား၍ ထည့်သွင်းထားပြီး ဥရောပနှင့် အာစီယံနိုင်ငံများမှ ပါလီမန်အမတ်များ ပူးပေါင်းဆောင်ရွက်ခြင်း ဖြင့် ပိုမိုအင်အားကောင်းသောလုပ်ငန်းများ၊ အခွင့်အရေးကောင်းများ လုပ်ကိုင်ဆောင်ရွက်နိုင် လိမ့်မည်ဟု မျှော်လင့်ကြောင်း ဖေါ်ပြထားသည်။

နှစ်စဉ်မပြတ် မြန်မာ့ဒီမိုကရေစီပြောင်းလဲရေးအတွက် ဥရောပအမတ်များက ဖိအားပေး ဆောင် ရွက်နေမှုအပေါ် အာစီယံအမတ်များက အသိအမှတ်ပြုလေးစားကြောင်းလည်း ထုတ်ပြန်ချက် က ဆိုသည်။

ထို့အပြင် ပြည်ပရောက် စင်ပြိုင်အစိုးရအဖွဲ့မှ ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်းက တရုတ်နှင့် အိန္ဒိယအစိုးရ ကိုယ်စားလှယ်များနှင့်တွေ့ဆုံဆွေးနွေးရန် တောင်းဆိုလိုက်သည်။

ဝန်ကြီးချုပ်ဒေါက်တာစိန်ဝင်းက “ကျွန်တော်အနေနဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံသို့ သွားရောက်ပြီး သက်ဆိုင်ရာ နိုင်ငံပြည်သူများကဲ့သို့ လက်ရှိကျွန်တော်တို့ရဲ့ အမြင်တွေကို အစိုးရအရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးလိုပါတယ်” ဟုဆိုသည်။

အဆိုပါ နိုင်ငံနှစ်နိုင်ငံသည် စစ်အစိုးရနှင့် ဆက်ဆံရေးထိခိုက်မည်ကို စိုးရိမ်ကြောက်ရွံ့သည့် အတွက် မိမိတို့နှင့် တွေ့ဆုံဆွေးနွေးရန်ကို ရှောင်ဖယ်နေသော်လည်း မြန်မာပြည်တည်ငြိမ်ရေး၊ အကျိုးစီးပွားကို ရှေ့ရှု၍ ပြည်ပရောက် မြန်မာအစိုးရအဖွဲ့အနေဖြင့် သက်ဆိုင်ရာအစိုးရနှစ်ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးလိုသည်ဟု ဆက်လက်ပြောဆိုသည်။

“၁၉၉၀ ခုကတည်းက ကျွန်တော်ဟာ တရုတ်နဲ့ အိန္ဒိယတို့ကို မသွားနိုင်ခဲ့ပါဘူး၊ ကျနော်တို့ အစိုးရအဖွဲ့အနေနဲ့ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမှာ ရုံးထိုင်တာထက် အိန္ဒိယနိုင်ငံမှာ ပိုပြီး အခြေချလိုပါတယ် ” ဟု ဒေါက်တာစိန်ဝင်းက တွေ့ဆုံမေးမြန်းခန်းတခုတွင် ပြောဆိုလိုက်သည်
YOMA 3news

ဆက်လက်ဖတ်ရှုရန်...

Monday, June 23, 2008

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထွက်လိုသူများကို (၃) နှစ်စောင့်ခိုင်း

နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှ နုတ်ထွက်လိုကြောင်း လျှောက်ထားသူများကို နုတ်ထွက်ခွင့်တောင်းပြီး (၃) နှစ်ကြာမှ ထွက်ခွင့်ပြုသည့်အတွက် အမှုထမ်း အရာထမ်းများ စိတ်ဓာတ်ကျနေသည်ဟု သံတမန်သတင်းရပ်ကွက်က ပြောသည်။

နိုင်ငံခြားမြန်မာသံရုံးများတွင် တာဝန်ထမ်းဆောင်နေသည့် သံတမန်များ မကြာခဏ ထွက်ပြေးခြင်း အကြောင်းတရားများအနက် နေပြည်တော်မှာ မနေချင်သည့်အချက်က အဓိကအချက်ဖြစ်သည်ဟု နေပြည်တော်အရာရှိတဦးက ပြောသည်။

နိုင်ငံခြားတွင် တာဝန်ထမ်းဆောင်ရာမှ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာန ပြန်ရောက်လျှင် နောက်တခေါက် နိုင်ငံခြားပြန်ထွက်ရန် အနည်းဆုံး (၃) နှစ်စောင့်ရလေ့ရှိသည်။ သို့သော် အထက်လူကြီးနှင့် ပြေလည်သူများကိုမူ နေပြည်တော်ရောက်ပြီး (၃) လနှင့် (၆) လကြား နိုင်ငံခြားမြန်မာသံရုံးတခုခုသို့ ပြန်လွှတ်လေ့ရှိသည်ဟုပါ ပြောသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်နေသည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သမီး (၄) ဦး အပါအ၀င် ဆွေမျိုးစုစုပေါင်း (၈) ဦးခန့်ရှိပြီး အထူးအခွင့်အရေးများ ရနေသည်ဟု စုံစမ်းသိရသည်။
khitpyaing news

ဆက်လက်ဖတ်ရှုရန်...

Saturday, June 21, 2008

စစ်အစိုးရ၏ အရေးပါသော ရာထူးများတွင် အပြောင်းအလဲများလုပ်

နယူးဒေလီ။ ။ မြန်မာနိုင်ငံမှ လျှို့ဝှက် သိပ်သည်းလှသော ဗိုလ်ချုပ်ကြီးများသည် အစိုးရ အဖွဲ့တွင်းနှင့် တပ်တွင်း အရေးပါသော ရာထူး နေရာများကို အပြောင်းအလဲ ပြုလုပ်လိုက်သည်။

ကက်ဘိနက်အတွင်း အပြောင်းအလဲများကို စစ်အစိုးရက တရားဝင် ကြေညာသော်လည်း စစ်တပ်တွင်း တပ်မှူး အပြောင်းအလဲများနှင့် စစ်ဆင်ရေးနှင့် ကွပ်ကဲမှု ဌာနချုပ်များ (ကစထ) အပြောင်းအလဲများကိုမူ ထုံးစံအတိုင်းပင် ထုတ်ပြန် ကြေညာခြင်း မပြုပါ။


ယခင်က ဝန်ကြီးဌာန ၂ ခုကို ပူးတွဲ ကိုင်ထားခဲ့သော ဗိုလ်ချုပ် မောင်မောင်ဆွေကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန တနေရာကိုသာ တာဝန်ယူရန် လျှော့ချလိုက်သည်။ အခြား ဝန်ကြီးဌာနတခု ဖြစ်သော လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဌာနကိုမူ အသစ် ခန့်အပ်လိုက်သော ဗိုလ်ချုပ် စောလွင်က တာဝန်ယူမည် ဖြစ်သည်။

ဗိုလ်ချုပ် စောလွင်၏ ယခင် ရာထူးဖြစ်သော စက်မှု (၂) ဝန်ကြီး တာဝန်ကို ရေတပ် စစ်ဦးစီးချုပ် ရေတပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်းက လွှဲပြောင်း တာဝန်ယူမည် ဖြစ်သည်။

ယင်းကို လေ့လာသူများက အာဏာ လျောကျသွားခြင်း ဖြစ်သည် ဟု သုံးသပ် ပြောဆိုနေကြသည်။

ထိုအတောအတွင်း တပ်မှူး အပြောင်းအလဲ အများအပြားကို မြန်မာ စစ်အစိုးရက ကြေညာခြင်း မပြုဘဲ ပြုလုပ်ခဲ့ သည်။ ငယ်ရွယ်သော အရာရှိများကို တပ်မှူးများအဖြစ် ရာထူး တိုးမြှင့်ပေးခဲ့ပြီး ကစထ သို့ တိုးမြှင့် ခန့်အပ်ခဲ့သည်။

စစ်တပ် အသိုင်းအဝိုင်းမှ လာသော သတင်းအရ အရေးပါသော စစ်တပ် တပ်မှူး ၄ ဦးကို ကစထမှူးများအဖြစ် ခန့်အပ်ခဲ့သည်ဟု သိရသည်။

အဆိုပါတပ်မှူးကြီး ၄ ဦးမှာ အရှေ့မြောက်တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်၊ မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်အုန်းမြင့်၊ ဗိုလ်ချုပ်မင်းအောင်လှိုင်၊ တောင်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ကိုကို တို့ ဖြစ်ကြသည်ဟု မဇ္ဈိမက စုံစမ်း သိရှိရသည်။

မြန်မာစစ်တပ်တွင် ကထစမှူးရာထူး ၅ နေရာရှိပြီး ယခင် ကစထမှူးများထဲမှ ဗိုလ်ချုပ်မောင်ဘို တဦးသာ မူလရာထူးတွင် ကျန်ရစ်သည်။ ဗိုလ်ချုပ် ရဲမြင့်၊ ဗိုလ်ချုပ် အောင်ထွေး၊ ဗိုလ်ချုပ် ကျော်ဝင်း နှင့် ဗိုလ်ချုပ် ခင်မောင်သန်း တို့ကိုတော့ အငြိမ်းစားပေးလိုက်သည်။

အနားယူသွားရပြီ ဖြစ်သော ကစထမှူးများမှာ စစ်အစိုးရ အဖွဲ့အတွင်း နံပါတ် ၃ ခေါင်းဆောင် ပူးတွဲညှိနှိုင်း ကွပ်ကဲရေးမှုး (ကြည်း၊ ရေ၊ လေ) ဒုဗိုလ်ချုပ်ကြီး ရွှေမန်းထက် ဝါရင့်သူ (သို့မဟုတ်) အကြီးအကဲဟောင်းများ ဖြစ်ခဲ့ကြခြင်းကြောင့် စစ်တပ်ပုံစံ အမိန့်ပေး ကွပ်ကဲမှုအရ ကသိကအောက် ဖြစ်ခဲ့ကြသည်။

အသစ်ခန့်အပ်မည့် တိုင်းမှူးသစ်များတွင် ကလော စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ် ဗိုလ်မှူးချုပ် ကျော်ဖြိုးနှင့် သံတောင် စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ် ဗိုလ်မှူးချုပ် ရာပြည့် တို့ ပါဝင်မည် ဖြစ်သည်။ အခြား ၂ ဦး၏ အမည်ကိုမူ ဆက်လက် စုံစမ်းဆဲ ဖြစ်သည်။

ဤအတောအတွင်း အရေးပါသော ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ်လှဌေးဝင်း ကိုလည်း တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်အဖြစ် ခန့်ထားလိုက်သည်။ ယခင်က အဆိုပါတာဝန်ယူထားသော ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ထွေးမှာမူ အငြိမ်းစား ယူလိုက်သည်ဟု သတင်းရပ်ကွက်များကပင် ပြောကြားသွားပါသည်။

"တပ်မှူးတွေ အကုန်လုံး အပြောင်းအလဲ ရှိတယ်၊ မပြောင်းတာဆိုလို့ (ဗိုလ်ချုပ်မှူးကြီး) သန်းရွှေနဲ့ (ဒုဗိုလ်ချုပ်မှူးကြီး) မောင်အေးဘဲ ရှိတယ်" ဟု စစ်တပ် အသိုင်းအဝိုင်းက ပြောသည်။
MIZZIMA NEWS

ဆက်လက်ဖတ်ရှုရန်...

Thursday, June 19, 2008

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အဖွဲ့ချုပ်ရုံးတွင် ဆွမ်းကပ်လှူခွင့်မရ

19-6-2008

နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးခံနေရသည့် မြန်မာ့ဒီမို ကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏ (၆၃) နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ရည်စူး၍ သံဃာတော်များအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် နေ့ဆွမ်းဆက်ကပ်ရန် အစီအစဉ်ကို အာဏာပိုင်များက ခွင့်မပြုသဖြင့် မလုပ်ဖြစ်တော့ကြောင်း အဖွဲ့ချုပ်မှ ပြောသည်။

“သံဃာတော်တွေကို မနက်ပိုင်းမှာ တန်းဆွမ်းလောင်းပြီးပါပြီ။ နေ့ဆွမ်းကပ်ဖို့ အဖွဲ့ချုပ်ရုံးမှာ စီစဉ်ထားပါတယ်။ ဒါပေမယ့် ကြွရောက်မယ့်သံဃာတွေကို သက်ဆိုင်ရာတွေက လာတားတဲ့
အတွက် သံဃာတွေ မကြွနိုင်ပါဘူး” ဟု အန်အယ်လ်ဒီပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။

ထို့ကြောင့် သံဃာတော်များအား ကျောင်းသို့ ဆွမ်းချိုင့်ပို့ပေးပြီး ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အခမ်းအနားကို အဖွဲ့ချုပ်ဝင်များက ရုံးချုပ်တွင် ကျင်းပပြုလုပ်ကြသည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ ၎င်း၏ (၆၃) နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ် အ၀ါရောင် နှင်းဆီပန်းများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တဦးမှတဆင့် ရွှေတိဂုံဘုရားတွင် ကပ်လှူပူဇော်စေခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြသည်။

နိုင်ငံတကာမှ ကန့်ကွက်နေသည့်ကြားမှ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့သည့်လတွင် နေအိမ်အကျယ်ချုပ်သက်တမ်း နောက်ထပ် (၁) နှစ် တိုးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို နေ့စဉ်စားစရာများ ၀ယ်ပေးနေသူဖြစ်သည့် အဖွဲ့ချုပ်အဖွဲ့ဝင်တဦး ဖြစ်သူ ကိုမြင့်စိုးက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် ရွှေတိဂုံဘုရားတွင် နှင်းဆီဝါ (၆၄) ပွင့် ကပ်လှူခဲ့သည်ဟု အဖွဲ့ချုပ်သတင်းရပ်ကွက်ကို ကိုးကားဖော်ပြသည်။

မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးလည်းဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်၏ မိခင်လည်းဖြစ်သူ ဒေါ်ခင်ကြည်၏ အုတ်ဂူတွင်လည်း အ၀ါရောင် ဂန္ဓမာပန်း (၆၄) ပွင့် သွားထား ပေးခဲ့သည်ဟုလည်း သတင်းတွင်ပါရှိသည်။ ဒေါ်ခင်ကြည်၏အုတ်ဂူမှာ ရွှေတိဂုံဘုရား ခြေရင်းတွင် တည်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏မွေးနေ့ကို အင်းလျားကန်ဘေးရှိ နေအိမ်မှာပင် အေးအေး ချမ်းချမ်း နေထိုင်နေသည်ဟုလည်း အိမ်နီးနားချင်းတယောက်ကို ကိုးကား၍ အေပီသတင်းတွင် ဖော်ပြသည်။

“အိမ်ပတ်ဝန်းကျင်မှာ လှုပ်ရှားသွားလာမှု မတွေ့ရဘူး။ ခြံဝမှာလည်း ရဲနှစ်ယောက်ပဲ စောင့်နေတယ်။ တခြံလုံး ငြိမ်ဆိတ်နေတာပဲ။ သူ့ဆီကိုလာပြီး မွေးနေ့ဂုဏ်ပြုတဲ့ ဧည့်သည်လည်း မရှိဘူး။ အလှူ အတန်း ကန်တော့ခံမယ့် သံဃာတော်လည်း မတွေ့ရဘူး” ဟု အမည်မဖော်လိုသူ အိမ်နီးချင်း တယောက်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် (၁၈) နှစ်ကြာကာလအတွင်း (၁၂) နှစ်ကျော် နေအိမ်အကျယ်ချုပ် ကျခံနေရသူဖြစ်သည်။ ၁၉၉၀ ပြည့်နှစ် ပါတီစုံရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ တပြည်လုံး အတိုင်းအတာအထိ အနိုင်ရရှိခဲ့သော်လည်း စစ်အစိုးရက ရွေးကောက်ပွဲရလဒ်အား အသိအမှတ်မပြုဘဲ စစ်အစိုးရထိန်းချုပ်မှု အပြည့်ရှိနေသည့် “ဒီမိုကရေစီလမ်းပြမြေပုံ” အတိုင်းသာ အကောင်အထည်ဖော် လုပ်ဆောင်နေသည်။

ယနေ့ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံ မဲဆောက် မြို့၌လည်း မြန်မာနိုင်ငံသား (၆၃) ဦးအား ဒုလ္လဘရဟန်းခံပေးခြင်း၊ သွေးလှူဒါန်းခြင်းနှင့် အခြား ကောင်းမှုကုသိုလ်များ ပြုလုပ်ပေးခြင်း၊ ဒေါ်စုမွေးနေ့အထိမ်းအမှတ် သက်ဆိုင်ရာဘာသာအလိုက်
ဝတ်ပြုဆုတောင်းခြင်းများ၊ ဂုဏ်ပြုဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားများ ဖြစ်မြောက်ရေးအတွက် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၊ အမျိုးသမီး များအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ မြန်မာနိုင်ငံ အမျိုးသမီးထုလှုပ်ရှားမှုကော်မတီ (ထိုင်း-မြန်မာနယ်စပ်) အဖွဲ့နှင့် မဲဆောက်အခြေဆိုက် လူမှုရေးအဖွဲ့အစည်းအသီးသီးတို့မှ ပူးပေါင်းကျင်းပခြင်း ဖြစ်သည်။
khitpyaing မှယူပါသည်

ဆက်လက်ဖတ်ရှုရန်...

မောင်ဝိတ် အဖမ်းခံနေရဆဲ ဖြစ်ဖွယ်ရှိ


ကာသပတေးနေ့၊ ဇွန်လ 19 2008 12:51 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မူးယစ်ဆေးဝါး ဖောက်ကားမှုတွင် ပတ်သက်သည်ဆိုသော စွပ်စွဲချက်ဖြင့် ခေါ်ယူ မေးမြန်းခြင်း ခံခဲ့ရသည့် လူငယ် စီးပွားရေး လုပ်ငန်းရှင် မောင်ဝိတ်သည် အထိန်းသိမ်းခံနေဆဲ ဖြစ်သည်ဟု ယုံကြည်ရသည်။


စစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များနှင့် သဟဇာတဖြစ်သူ အသက် ၃၅ နှစ်အရွယ် မောင်ဝိတ်နှင့် မိသားစု ကုမ္ပဏီ လီမိတက်၏ မန်းနေးဂျင်း ဒါရိုက်တာ မောင်ဝိတ်ကို မူးယစ်မှုဖြင့်ပင် စစ်ဆေးခံရသည့် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်၏သား အောင်ဇော်ရဲမြင့်ကို ဖမ်းဆီးပြီးနောက် နှစ်ရက် အကြာတွင် ဖမ်းဆီးခဲ့သည်ဟု သတင်းရပ်ကွက်များက ပြောသည်။

Maung Weikမဇ္ဈိမက ရန်ကုန်မြို့ လမ်းမတော်လမ်းရှိ မောင်ဝိတ်နှင့် မိသားစု ကုမ္ပဏီ လိမိတက်သို့ ဖမ်းဆီးထားသည် ဆိုသော သတင်းနှင့် ပတ်သက်၍ ဆက်သွယ် အတည်ပြုချက် ရယူရာ ကောလဟလသာ ဖြစ်ပြီး ကျိုက်လတ်မြို့နယ်တွင် နာဂစ်ဆိုင်ကလုံးဒဏ်သင့် ဒုက္ခသည်များအတွက် ကျန်းမာရေး ၀န်ဆောင်မှုနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်လျှက် ရှိသည်ဟု ပြန်လည် ဖြေကြားခဲ့သည်။

သို့သော် ကျိုက်လတ်တွင် မောင်ဝိတ် ရောက်ရှိနေခြင်း ရှိ မရှိ မဇ္ဈိမ အထောက်တော်များက သွားရောက် စုံစမ်းခဲ့ရာ ကုမ္ပဏီအနေဖြင့် လုပ်ငန်း များ ဆက်လက် လုပ်ဆောင်နေသော်လည်း ရောက်လာခဲ့ခြင်း မရှိဟု ၀န်ထမ်းများက ပြောသည်။

ရာထူးမြင့် စစ်တပ် အသိုင်းအ၀ိုင်း အပြောအရ ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက်ခံ နေရာတခုတွင် ထိန်းသိမ်းခံထားရသည်ဟု ဆိုသည်။

ယခင်ကလည်း မောင်ဝိတ်ကို စစ်ဆေးပြီး ပြန်လွှတ်ပေးလိုက်သည် ဆိုသော သတင်းများ ထွက်ပေါ်ခဲ့သည်။

ဖယ်ရှားခံလိုက်ရသော ၀န်ကြီးချုပ်ဟောင်းဖြစ်သူ ဗိုလ်ချုပ်ကြီး ခင်ညွှန့်နှင့် ရင်းနှီးသူဖြစ်သည့် မောင်ဝိတ်ကို စွဲချက်တင်မည်ဟု စစ်ခေါင်းဆောင် များနှင့် နီးစပ်သည့် သတင်းရပ်ကွက်များက ပြောသော်လည်း မည်သည့် အမှုဖြင့် စွဲချက်တင်မည်ကို မဇ္ဈိမအနေဖြင့် ရှင်းရှင်းလင်းလင်း မသိရသေးပါ။

မောင်ဝိတ်သည် စစ်ဘက်ရေးရာ လုံခြုံရေးဌာန အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေ၏ တူမဖြစ်သူ မယဉ်မင်းခင်ကို လွန်ခဲ့သည့် လအနည်းငယ် အတွင်း မြန်မာကျပ်ငွေ သိန်းပေါင်း ၁ သိန်းပေးကာ ကွာရှင်းထားသူ ဖြစ်သည်။

ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင်နှင့်လည်း ဆွေမျိုးတော်စပ်ပြီး ယခင် ထောက်လှမ်းရေး အကြီးအကဲ ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွှန် နောက်ပိုင်း တန်ခိုး ထွားလာသူလည်း ဖြစ်သည်။

အောင်ဇော်ရဲမြင့်ကို ဖမ်းဆီးသော အမှုနှင့် ပတ်သက်၍ မဇ္ဈိမက သတင်းဦး ထုတ်ပြန်ပြီး ဖြစ်သည်။ လက်ရှိအချိန်တွင် အောင်ဇော်ရဲမြင့်ကို ပြန်လည် ပြုပြင်ရေး စခန်းတခုတွင် ပို့ထားကာ မူးယစ်ဆေး ဖြတ်လျက် ရှိသည်။

ယခုကဲ့သို့ စစ်အစိုးရ အသိုင်းအ၀ိုင်း၊ ရုပ်ရှင်မင်းသား မင်းသမီးများ အပါအ၀င် ရုပ်ရှင်နယ်ပယ်မှ လူ ၂ ဒါဇင်ခန့်ကိုပါ ခေါ်ယူ စစ်ဆေးမှု ပြုလာခဲ့သည်။

နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် မနန္ဒာလှိုင်နှင့် ကိုဇေသီဟတို့၏ မေလအတွင်းက ပြုလုပ်ခဲ့သော မင်္ဂလာဆောင် အခမ်းအနားသို့ တက်ရောက် ရန် ကာယကံရှင်များက နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ နံပါတ် ၃ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ရွှေမန်းကို သွားရောက် ဖိတ်ကြားမှုပြုရာမှ အစပြုခဲ့သည်ဟု ဆိုသည်။

မဇ္ဈိမက ကိုဇေသီဟရှိရာ မြရိပ်ညိုဟိုတယ်သို့ ဆက်သွယ် အတည်ပြုချက် ရယူရာတွင် ကိုဇေသီဟက တယ်လီဖုံး လာရောက်ကိုင်ကာ ဆဲရေးပြီး ဖုံးချသွားသည်။

မင်းသမီးများကို အာမခံဖြင့် ပြန်လွှတ်ပေးထားခြင်းမှာ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်း၏ မေတ္တာရပ်ခံချက်ဟု ပြန်ကြားရေး ၀န်ကြီး ဌာန သတင်းရပ်ကွက်က ပြောသည်။ နာဂစ်မုန်တိုင်းဒဏ် ဒုက္ခသည်များအတွက် ရန်ပုံငွေ ရှာရန် ပြန်ကြားရေး ၀န်ကြီးဌာနက ရုပ်ရှင် အစည်းအရုံးဝင် မင်းသား မင်းသမီးများဖြင့် ဗီဒီယို ၆ ကားကို ရိုက်ကူးလျှက် ရှိသည်။
MIZZIMA NEWS မှယူပါသညါ

ဆက်လက်ဖတ်ရှုရန်...

ဒီချုပ် ရုံးအတွင်း ကြံ့ဖွံ့များ ဝင်ပြီး လူ ၄ ဦး ဖမ်းဆီး

နေသွင်
ကြာသပတေးနေ့၊ ဇွန်လ 19 2008 13:03 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၃ နှစ်မြောက် မွေးနေ့ အခမ်းအနား ကျင်းပမည့် ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ အဖွဲ့ချုပ်ရုံးအတွင်း ကြံ့ဖွံ့များ ဝင်ရောက်စီးနင်းကာ သံဃာနှင့် လူပုဂ္ဂိုလ် ၄ ဦးကို ဖမ်းဆီးသွားသည်။


ပြီးခဲ့သည့် နာရီပိုင်းက စွမ်းအားရှင်များသည် တားဆီးနေသည့် ကြားကပင် အခမ်းအနား ကျင်းပမည့် အချိန်ကို စောင့်ဆိုင်းနေသည့် အဖွဲ့ချုပ်ဝင် ၇ဝဝ ခန့်ရှိရာ ရုံးဝင်းအတွင်း ဝင်ရောက်ကာ အခမ်းအနား တက်ရောက်သူများထဲက သံဃာတော်တပါးနှင့် လူ ၃ ဦးကို ဖမ်းဆီးသွားခြင်း ဖြစ်သည်။

“ဆွမ်းလောင်းပြီးတော့ ငှက်တွေ လွှတ်တယ်။ လူတွေက အော်တာပေါ့။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေလို့။ အဲဒါ စွမ်းအားရှင်တွေ ရောက်လာတယ်။ ၄ ယောက်လောက်တော့ ပါသွားတယ်။ ဦးထွန်းမြင့်၊ ဘုန်းဘုန်းတပါးရယ်၊ နောက် ၂ ယောက်ရယ်” ဟု အဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောသည်။

အဖွဲ့ချုပ် လူငယ်တဦးက “လုံခြုံရေး ချထားတယ်။ ဝင်ဖမ်းမှာ စိုးလို့။ ဝင်ဖမ်းတာဗျ။ စွမ်းအားရှင်ကားတွေနဲ့ ရုံးအရှေ့မှာ ရပ်လိုက်ပြီးတော့ ဝင်ဖမ်းတယ်။ အခု အရင်နေတဲ့ ရွှေတိဂုံဘုရားဘက်ကို သွားတဲ့ကွေ့မှာ ပြန်ရပ်နေတယ်။ ထောက်လှမ်းရေးတွေလည်း သူ့နေရာမှ ပြန်နေနေ ကြတယ်” ဟု ပြောသည်။

ရုံးအနီးတွင် လက်နက်ကိုင် လုံထိန်းတပ်သား၊ ရဲနှင့် ကြံ့ဖွံ့ စုစုပေါင်း ဦးရေ ၁ဝဝဝ ခန့် လုံခြုံရေး ချထားသည်။

“အားလုံးပေါင်း ၁ ထောင်လောက် ရှိတယ်။ ဒိုင်နာတွေနဲ့ဆို ၅-၇ ကားရှိတယ်။ ရဲကားတွေလည်း အများကြီး” ဟု အဖွဲ့ချုပ် လူငယ်က ပြောသည်။

ဦးဉာဏ်ဝင်းကလည်း “မနက်က ဆွမ်းလောင်းပါတယ်။ သံဃာတွေရော၊ မယ်သီလရှင်တွေရော ဆွမ်းလောင်းပါတယ်။ ရုံးပတ်ဝန်းကျင်မှာတော့ လုံခြုံရေး အကြီးအကျယ် ချထားပါတယ်။ လက်နက်ကိုင် လုံထိန်းကား ၄-၅-၆ စီး ရှိတယ်။ အရပ်ဝတ်နဲ့ လူတွေလည်း အများကြီး ချထား ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

နံနက်ပိုင်းတွင် သံဃာနှင့် သီလရှင် ၂ဝဝ ကျော်ကို ဆွမ်းကပ် လှူပြီးကတည်းက အာဏာပိုင်များနှင့် အန်အယ်ဒီ အဖွဲ့ဝင်များအကြား ထိပ်တိုက် တွေ့မှုများဖြစ်နေပြီး ယခု သတင်းပေးပို့ချိန်အထိ အဖွဲ့ရုံးကို ယာယီ ပိတ်ထားရသည်။

အဖွဲ့ချုပ် လူငယ်တဦးက “အခု ရုံးတွေပိတ်ထားရတယ်။ ခဏ။ ဆွမ်းကျွေးဖို့ ရှိတယ်။ ဘုန်းဘုန်းတွေကို အင်္ဂါနေ့တိုင်း ဆွမ်းလောင်းတာတွေ ဘာတွေ လုပ်ပြီးသွားပြီ။ ဆွမ်းကျွေးမလို့၊ မကျွေးရသေးဘူး” ဟု မဇ္ဈိမကို ပြောသည်။

မဇ္ဈိမက နောက်ဆုံး ဆက်သွယ်သည့် မြန်မာစံတော်ချိန် ၁၂ နာရီခွဲအထိ အာဏာပိုင်များနှင့် အန်အယ်ဒီ လူကြီးများ အကြားတွင် ညှိနှိုင်းနေဆဲ ဖြစ်သည်။

မွေးနေ့ အထိမ်းအမှတ်အဖြစ် ၁ဝ နာရီခွဲ - ၁၁ နာရီခန့်တွင် သံဃာ ၅ ပါးကို နေ့ဆွမ်းကပ်ရန် ဖိတ်ကြားထားသော်လည်း အာဏာပိုင်များက တားမြစ်သဖြင့် မကြွရောက်နိုင်ဟု ဦးဉာဏ်ဝင်းက ပြောသည်။
MIZZIMA NEWS

ဆက်လက်ဖတ်ရှုရန်...

Wednesday, June 18, 2008

မုန်တိုင်းသင့် ရုပ်အလောင်း သဂြုင်္ိဟ်ပေးသူများ ဖမ်းဆီးခံရ

နန်းဒေဝီ
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 18 2008 15:58 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မုန်တိုင်းသင့် ရုပ်အလောင်းများကို လိုက်လံမြှုပ်နှံပေးသူ “မြန်မာထရီဗျုး” ဂျာနယ် အယ်ဒီတာချုပ် ဦးအောင်ကျော်ဆန်းနှင့် အဖွဲ့ဝင် ၆ ဦးထက်မနည်းကို အာဏာပိုင်များက ယခုလ ၁၄ ရက်နေ့တွင် ဖမ်းဆီးလိုက်သည်။

“မြန်မာထရီဗျုး” ဂျာနယ်၏ အမှုဆောင် အရာရှိချုပ်လည်းဖြစ်သူ ဦးအောင်ကျော်ဆန်း (၄၅ နှစ်) အပါအဝင် ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် အတွင်းရှိ လူသေ ရုပ်အလောင်းများကို လိုက်လံ သိမ်းဆည်းကာ မြေမြှုပ်ပေးနေသူ ၆ ဦးထက်မနည်းကို ပြီးခဲ့သည့် စနေနေ့က ဖမ်းဆီး ထိန်းသိမ်းလိုက်ခြင်း ဖြစ်သည်။


“ကိုအောင်ကျော်ဆန်းကို အခုထိ မလွှတ်သေးဘူး။ ဘိုကလေးမှာ ဖမ်းတာလို့ ပြောတယ်။ ရန်ကုန် ပို့လိုက်ပြီလို့တော့ ကြားတယ်။ အခု ဘယ်မှာ ဆိုတာလဲ သူ့ဇနီးသည်က မသိတော့ စိတ်ပူနေတယ်။ လိုက်ပြီး မေးနေတာပဲ။ ဘယ်မှာလဲဆိုတာ မသိရသေးဘူး” ဟု အမည်မဖော်လိုသူ မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။

သူက “ဘိုကလေးကို သွားလိုက်ပြန်လိုက်ပါပဲ။ စုစုပေါင်းတော့ ၃ ခေါက်လောက် ရှိသွားပြီ။ အခု နောက်ဆုံး အခေါက်မှာ အဖမ်းခံလိုက်ရတာ။ သူနဲ့ အတူတူ အလုပ်လုပ်တဲ့ သူတွေကိုတော့ မနေ့ကပဲ စစ်ဆေး မေးမြန်းတာတွေ လုပ်ပြီးတော့ ပြန်လွှတ်လိုက်တယ်လို့ ကြားတယ်” ဟု ဆက်ပြောသည်။

ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး အသေးစိတ် မသိရသေးသော်လည်း လေဘေး ဒုက္ခသည်များကို ဝိုင်းဝန်းကူညီနေသူ စေတနာရှင်များအား အာဏာပိုင်များဘက်က မေးမြန်းစစ်ဆေးခြင်း၊ လိုက်လံတားဆီး နှောင့်ယှက်ခြင်းများ အပြင် ဖမ်းဆီးခြင်းအထိ လုပ်ဆောင်လာသည့်အပေါ် စာပေအနုပညာရှင် အသိုင်းအဝိုင်းက ဝေဖန် ပြောဆိုကြသည်။

အပတ်စဉ်ထုတ် ဂျာနယ် အယ်ဒီတာတဦးက “သူတို့ (အစိုးရ) ကိုယ်တိုင်က မလုပ်နိုင်တဲ့ ကိစ္စတွေကို လူထုဘက်က စေတနာရှင်တချို့က တဖက်တလမ်းကနေ ကူညီပံ့ပိုးပေးတာ ကောင်းတဲ့အချက်ပါ။ ဒါကို လိုက်ပြီး နှောင့်ယှက်တာမျိုး၊ တားဆီး ပိတ်ပင်တာမျိုးလုပ်တာ ဒုက္ခ ရောက်နေတဲ့ လေဘေးဒုက္ခသည်တွေ ပိုပြီး ဒုက္ခ ရောက်စေပါတယ်” ဟု ပြောသည်။

ဦးအောင်ကျော်ဆန်းသည် “မြန်မာထရီဗျူး” ဂျာနယ်ကို လွန်ခဲ့သည့် ၂ လခန့်ကပင် အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်း လည်ပတ်မှု ရပ်ဆိုင်း ခဲ့ကာ နာဂစ် လေမုန်တိုင်းကြောင့် သေဆုံးသည့် ရုပ်အလောင်း အကြွင်းအကျန်များကို မြေမြှုပ်သဂြုင်္ိဟ်သည့် လုပ်ငန်းတွင် လုပ်အားဒါနဖြင့် ဦးဆောင် လုပ်ကိုင်နေသူ ဖြစ်သည်။
mizzima news

ဆက်လက်ဖတ်ရှုရန်...

ရွှေတိဂုံပေါ်မှ ကျောက်စိမ်းဆင်းတုတော်၏ သမိုင်းမှတ်တမ်းများ ပျောက်ဆုံးသွား

18-6-2008

ရွှေတိဂုံစေတီတော်ရင်ပြင် စနေထောင့်ရှိ ပုည ကုသလအသင်း ဓမ္မာရုံရှိ ကျောက်စိမ်းဆင်းတု တော်၌ ထားရှိသော ဆင်းတုတော်၏ သမိုင်း မှတ်တမ်းများ ပျောက်သွားကြောင်း ဘုရားဖူးများက ပြောသည်။

ယခင်က ကျောက်စိမ်းဆင်းတုတော်၏ သမိုင်းကို ဆင်းတုတော်ရှေ့ ဘေးတဖက်တချက်၌ စိုက်ထူ ထားသော တိုင်ပေါ်တွင်တင်ထားသည့် ကြေးပြားများတွင် ရေးထားခြင်းဖြစ်ပြီး ယခု ထိုတိုင်(၂) တိုင်ကို မတွေ့ရတော့ကြောင်း ဘုရားဖူးများက ပြောသည်။

“ရွှေတိဂုံ လုံခြုံရေးအဖွဲ့က လုံခြုံရေးဝန်ထမ်းတဦးကို မေးကြည့်တော့ နာဂစ်တိုက်ပြီးနောက်ပိုင်း သိမ်းထားတာလို့ပြောတယ်။ သိမ်းထားရတဲ့အကြောင်းကိုတော့ မသိရဘူး။ ဒါဆိုရင် အခြား ဘုရားတွေရဲ့ သမိုင်းစာကိုလည်း သိမ်းရမှာပေါ့။ အခုက အဲဒီဘုရားရဲ့သမိုင်းစာကိုပဲ သိမ်းတာ ဆိုတော့ လူတွေက ပိုပြီး စိတ်ဝင်စားကုန်တယ်” ဟု နိုင်ငံခြားသားဧည့်လမ်းညွှန်တဦးက ပြောသည်။

ပြီးခဲ့သည့် (၁၀) ရက်ခန့်က အဆိုပါ ကျောက်စိမ်းဆင်းတုကို လာရောက်ဖူးမြော်သူထက် လာရောက်လေ့လာကြည့်ရှုသူ ပိုများကြောင်း မျက်မြင်များက ပြောသည်။

“အပြင်မှာ ကောလာဟလတွေ ထွက်နေတာဗျ။ ဒီကျောက်စိမ်းဆင်းတုတော်ကို သန်းရွှေမျက်နှာနဲ့ ဆင်အောင် ထုထားတာလို့ ပျံ့နေတဲ့သတင်းတွေကြောင့် လာကြည့်ကြတာဖြစ်မယ်” ဟု ရွှေတိဂုံ ဘုရားပေါ်တွင် အမြဲတမ်း တရားလာထိုင်နေသူတဦးက ပြောသည်။

အဆိုပါ ကျောက်စိမ်းဆင်းတုတော်ကို နိုင်ငံခြားသားများ ပို၍ဖူးမြော်ကြကြောင်း၊ နအဖက မည်သည့်နိုင်ငံမှဖြစ်စေ လာရောက်သော သံတမန်များအား ယင်းဆင်းတုတော်ကို တကူးတက ဖူးမြော်ပူဇော်ခွင့်ရစေရန် ဆောင်ရွက်ကြောင်း နိုင်ငံအကြီးအကဲများ သွားရာတွင် လိုက်ပါခွင့် ရသူတဦးက ပြောသည်။

၎င်းက “တရုတ်ဧည့်သည်တွေ လာတုန်းကလည်း အဲဒီဘုရားကို လိုက်ပြတယ်။ ဖူးမြော်ကြတယ်။ ကျနော်ကတော့ အဲဒီတုန်းက အမှုမဲ့အမှတ်မဲ့ပါပဲ။ နောက်ပိုင်း လူပြောများလာတော့မှပဲ ဂရုတစိုက် ကြည့်မိတော့ တူသလိုလိုတော့ရှိသား၊ နာမ်နှိမ်ချင်တဲ့သဘောနဲ့ အခုလို ထုထားတာလို့လည်း ကြားရတာပဲ” ဟု ပြောသည်။

ပြည်တွင်း သတင်းအယ်ဒီတာတဦးကလည်း “အင်တာနက်သတင်းတချို့မှာပါတဲ့ ဓာတ်ပုံတွေဆိုရင် လူကြီးလမ်းကြောင်းနောက်က ဓာတ်ပုံဆရာတွေဆီက ရတာကလွဲရင် ဘယ်သူ့ဆီကမှ မရနိုင်ဘူး လေ။ ဂမ်ဘာရီနဲ့ ဘန်ကီမွန်းလာတော့ အဲဒီကျောက်စိမ်းဆင်းတုတော်ကို ဦးနှိမ်ချကန်တော့နေတဲ့ ပုံဟာ ဒီသတင်းသမားတွေဆီက မထွက်ရင် ဘယ်ကမှ မထွက်နိုင်ဘူး။ ဒီဘုရားမျက်နှာတော်ဟာ သန်းရွှေမျက်နှာအတိုင်း ထုထားတယ်ဆိုတဲ့ သတင်းကလည်း သူတို့အထဲက သိတဲ့သူတွေက ပြောတဲ့သတင်းပဲဆိုတာ သေချာတာပေါ့” ဟု ပြောသည်။

အဆိုပါကျောက်စိမ်းဆင်းတုတော်အား ရွှေတိဂုံစေတီတော်ကြီးအား ရွှေသင်္ကန်းကပ်သည့် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် သတ္တုတွင်းဝန်ကြီးဌာနမှ ထုလုပ်လှူဒါန်းထားခြင်းဖြစ်ကြောင်း၊ ပလ္လင်အပါ
အ၀င် ဆင်းတုတော်၏ အလေးချိန်မှာ (၁၀၁) ကီလိုဂရမ်ကျော် ရှိကြောင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အသက် (၄၀) နှစ်က ရုပ်အတိုင်း ထုထားခြင်းဖြစ်ကြောင်း ပြည်တွင်းရှိ နိုင်ငံခြားသား ဧည့်လမ်းညွှန်များထံမှ သိရသည်။

ယခုအခါ အဆိုပါကျောက်စိမ်းဆင်းတုတော်ကို သွားရောက်ကြည့်သူများ ရှိသော်လည်း ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအရ မလျှော်ကန်မတင့်တယ်သည့် လုပ်ရပ်ဖြစ်ကြောင်း ပြည်သူများက ဝေဖန်ပြော ကြားကြသည်။ ။
khitpyaing news

ဆက်လက်ဖတ်ရှုရန်...

၁၈ နှစ်အောက် မိန်းခလေးငယ်များ လိင်လုပ်ငန်းလုပ်ဆောင်ခြင်း ပိုမိုများပြားလာ

18-6-2008
ဆင်းရဲကြပ်တည်းလာသည့် စားဝတ်နေရေးအခြေအနေများကြောင့် ရန်ကုန်မြို့တွင် (၁၈) နှစ် အောက် အမျိုးသမီးငယ်လေးများ လိင်လုပ်ငန်းလုပ်ဆောင်ခြင်းများ ပိုမိုများပြားလာနေသည်။

အမျိုးသမီးငယ်လေးများမှာ မိသားစုစီးပွားရေး ပိုမိုကြပ်တည်းလာနေသဖြင့် နိုက်ကလပ်အချို့ နှင့် လမ်းဘေးများတွင် ခန္ဓာကိုယ်ရင်းနှီးကာ ဝင်ငွေရှာဖွေနေရခြင်းဖြစ်သည်။

စစ်အစိုးရအရာရှိတဦး ဖွင့်လှစ်ထားသည့် အင်ပါယာအမည်ရှိ နိုက်ကလပ်နှင့် ဘီယာရောင်းချ သည့် နေရာများတွင် (၁၇) နှစ်နှင့် အသက် (၂၀) ကြား မိန်းခလေးငယ်အများအပြားကို တွေ့မြင် နေရသည်ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

“သိမ်ကြီးဈေးအပေါ်ထပ်က အင်ပါယာနိုက်ကလပ်၊ ပန်းဆိုးတန်းက အင်ပါယာဘီယာစတေရှင်နဲ့ ကန်တော်လေးက အင်ပါယာဘီယာစတေရှင်မှာ မိန်းခလေးငယ်လေးတွေ နည်းတာမဟုတ်ဘူး၊ အပြင်ကလာတာ မဟုတ်ပဲ သူတို့ဆီမှာပဲ အယောက်(၃၀) လောက်ရှိတယ်၊ အပြင်ကလာတာနဲ့ ဆိုရင် (၁၀၀) လောက်ရှိမယ်၊ အဲ့ဒီဆိုင်တွေက ဗိုလ်မှူးစိုးမင်းထက်ဆိုတဲ့ လူပိုင်တာ၊ သူ့ အမျိုးသမီးက ရန်ကုန်တိုင်းအမျိုးသမီးရေးရာအဖွဲ့က ဒေါ်ခင်စောရီပါ” ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

ဒေါ်ခင်စောရီမှာ ရန်ကုန်တိုင်းအမျိုးသမီးရေးရာအဖွဲ့မှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေ၏ ဇနီး အနီးတွင် လိုက်ပါနေရသူဖြစ်ပြီး ယခုကဲ့သို့ လုပ်ငန်းလုပ်ဆောင်ခြင်းကို အရေးယူခြင်းမရှိ ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

အမျိုးသမီးငယ်အများစုမှာ ဆင်ခြေဖုံးရပ်ကွက်များဖြစ်သည့် လှိုင်သာယာ၊ တောင်ဒဂုံ၊ မြောက် ဒဂုံနှင့် သာကေတ မြို့နယ်များမှအများစုဖြစ်ကြပြီး ညနေပိုင်းအချိန်များတွင် ရန်ကုန်မြို့လယ်ရှိ အများပြည်သူသွားရာလမ်းပေါ်တွင် တွေ့မြင်နေရသည်ဟု ဆိုသည်။

“ညနေ (၅) နာရီ (၆) နာရီလောက်ဆိုရင် တက္ကစီနဲ့လာကြပြီ၊ အင်ပါယာကလပ်က ကာရာအိုကေ အရင်ဖွင့်တယ်၊ ကာရာအိုကေမှာ ထိုင်ကြတယ်၊ ကိုးနာရီကျော်တာနဲ့ နိုက်ကလပ်ဖြစ်သွားပြီး လာတဲ့ဧည့်သည်တွေ ခေါ်တဲ့နောက်ကို လိုက်သွားကြတာပဲ” ဟု မျက်မြင်အမျိုးသမီးတဦးက ပြောဆိုသည်။

စီးပွားရေးပိုမိုကြပ်တည်းလာသည့် အခြေအနေများကြောင့် ယခုလပိုင်းအတွင်း ရန်ကုန်မြို့ပေါ်ရှိ လူနေအိမ်တိုက်ခန်းအချို့တွင်လည်း အမျိုးသမီးငယ်လေးများဖြင့် လိင်လုပ်ငန်းလုပ်ကိုင်မှု ပိုမို များပြားလာနေသည်ဟု ၎င်းကဆက်လက်ပြောဆိုသည်။

စစ်အစိုးရအနေဖြင့် အမျိုးသမီးရေးရာအဖွဲ့ကိုဖွဲ့စည်း၍ စွမ်းဆောင်ရည်မြင့်မားအောင် ပြုလုပ်နေ ကြောင်း ပြောဆိုနေသော်လည်း ယခုကဲ့သို့ ဖြစ်ပွားနေခြင်းများကို ကာကွယ်တားဆီးပေးခြင်း မရှိကြောင်း အမျိုးသမီးတဦးက “အမျိုးသမီးရေးရာက ဒါတွေ တကယ်တမ်း စိုးရိမ်တယ်သာ ပြောတာ၊ ဘယ်ကလပ်သွားကြည့်လိုက် သွားကြည့်လိုက် (၁၇) နှစ် (၂၀)နှစ်အရွယ်လေးတွေ ထွက်လာတာတွေ့နေရတယ်၊ ဒီလိုဖြစ်နေတာ နိုင်ငံတော်အစိုးရမှာ အများကြီးတာဝန်ရှိတယ်” ဟု ပြောသည်။

အချို့အမျိုးသမီးငယ်များမှာ ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ဘက်မှ လာရောက်ကြသည့်သူများ ဖြစ်ပြီး စီးပွားရေးကြပ်တည်းမှုကြောင့် ခန္ဓာကိုယ်ရင်းနှီး လုပ်ကိုင်စားသောက်နေရသည်ကို စိတ်မကောင်းစွာ မြင်တွေ့နေရသည်ဟု ၎င်းကဆက်လက်ပြောဆိုသည်။

“ဒီတပတ်အတွင်းကြားနေရတာတွေက အဲဒီအကြောင်းတွေဘဲ ကြားနေရတယ်၊ ရန်ကုန်မှာ ကလပ်ပေါင်းကလည်း မနဲဘူး၊ သိသလောက်တောင် (၁၀) ခုလောက်ရှိတယ်၊ အခုဆို ပေါ်တင်ဘဲ ဈေးစကားကို လမ်းမှာဘဲ ပြော၊ ကားပေါ်တင်သွား၊ လမ်းမှာတင်ဘဲ မြင်တဲ့သူ တောင် ရှက်တယ်၊ အဲလိုဖြစ်နေတာ၊ အလွန်ဆုံးရှိမှ (၂၀) လောက်ဘဲ ငယ်ငယ်လေးတွေ၊ စိတ်ထဲမကောင်းလိုက်တာရှင်” ဟု ရန်ကုန်မြို့မှ အမျိုးသမီးတဦးက ပြောဆိုသွားခဲ့သည်။

ရန်ကုန်မြို့တွင် အမျိုးသမီးငယ်များဖြင့် စားသောက်ဆိုင်၊ နိုက်ကလပ်နှင့်၊ ဘီယာဆိုင်များ အများအပြားဖွင့်လှစ်ထားပြီး အဆိုပါလုပ်ငန်းလုပ်ကိုင်သူအများစုမှာ စစ်ဘက်ဆိုင်ရာ အရာရှိ များနှင့် ၎င်းတို့နှင့်နီးစပ်သူများပင်ဖြစ်သည်။
yoma 3 news

ဆက်လက်ဖတ်ရှုရန်...

မွေးနေ့နိုင်ငံရေး ယဉ်ကျေးမှု

PDF Print E-mail
ဆောင်းပါး
နေသွင်
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 18 2008 16:45 - မြန်မာစံတော်ချိန်

လူပုဂ္ဂိုလ်တယောက်ရဲ့ မွေးနေ့ပွဲဆိုတာ ပျော်ပျော်ရွှင်ရွှင် ကျင်းပရတဲ့ ပွဲလမ်းတခုပါ။ ဖယောင်းတိုင်ထွန်း၊ ကိတ်မုန့်လှီး၊ Happy Birthday! ဆိုပြီး၊ ခွက်ချင်းတိုက်ကြတဲ့ အခါသမယပါပဲ။ ဒါပေမဲ့ မြန်မာပြည်ရဲ့ မွေးနေ့ပွဲ ယဉ်ကျေးမှုကတော့ ဒီလို ဖြစ်ရိုးဖြစ်စဉ် ကိစ္စတွေ မဖြစ်တတ်ပါဘူး။

အထူးသဖြင့် မြန်မာပြည်က ဂုဏ်သိက္ခာရှိတဲ့ လူတွေရဲ့ မွေးနေ့ အခမ်းအနားတွေကို သာရေးကိစ္စလို့ နားလည်မိရင် တက်တက်စင် လွဲပါတယ်။ ဒီလိုပွဲလမ်းတွေဟာ သာရေးထက် နာရေးဖြစ်ဖို့ များပါတယ်။ လွတ်လပ်စွာ စည်းရုံးခွင့် မရှိတဲ့ တိုင်းပြည်မှာ အစိုးရနဲ့ သဘောကွဲလွဲတဲ့ အုပ်စုတွေအတွက် ရှားရှားပါးပါး ရရှိတဲ့ စုရုံးလှုပ်ရှားခွင့် ဖြစ်နေတတ်လို့ပါ။

မနက်ဖြန် ဇွန်လ ၁၉ ရက်နေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၃ နှစ်မြောက် မွေးနေ့ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေက အတိုင်းပဲ မွေးနေ့ရှင် မတက်ရောက်နိုင်တဲ့ မွေးနေ့ပွဲကို ဒီမိုကရေစီ လိုလားသူတွေက ပြည်တွင်းပြည်ပမှာ ကျင်းပမှာ ဖြစ်ပါတယ်။ မုန်တိုင်းကြောင့် လူသန်းချီပြီး အတိဒုက္ခ ရောက်နေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၃ နှစ် မွေးနေ့ အခမ်းအနားကို ကျင်းပဖို့ စည်းရုံး လှုပ်ရှားသူတွေ အနေနဲ့ ကသိကအောက် ဖြစ်စရာ ကောင်းပါတယ်။ ဒါပေမဲ့ ဇွန်လ ၁၉ ရက်နေ့ဟာ မြန်မာပြည်မှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး ကင်းမဲ့မှုကို မီးမောင်းထိုးပြတဲ့ နေ့တနေ့ ဖြစ်တဲ့အတွက် နိုင်ငံရေး လှုပ်ရှားသူတွေ အနေနဲ့ ဒီအခွင့်အရေးကို လက်လွှတ်ခံမှာ မဟုတ်ပါဘူး။ နေအိမ် အကျယ်ချုပ်ဘဝနဲ့ မွေးနေ့ရှင်ဟာ မြန်မာပြည်မှာ ထောင်နဲ့ချီနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ နိမိတ်ပုံဖြစ်သလို လူ့အခွင့်အရေး ဆုံးရှုံးနေတဲ့ ပြည်သူ သန်းပေါင်း ၅ဝ ကျော်ရဲ့ သင်္ကေတ ဖြစ်နေလို့ပါပဲ။ နှစ်စဉ်ဇွန်လ ၁၉ ရက်နေ့ဟာ မြန်မာပြည်ရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တိုက်ပွဲဝင်မှုကို ကမ္ဘာကြီးက အာရုံထားမိတဲ့ တဒါဇင်လောက်သာရှိမယ့် နေ့ရက်တွေထဲက ရက် တရက် ဖြစ်နေလို့ပါပဲ။

မြန်မာပြည်ရဲ့ ထူးခြားချက်က သာရေး၊ နာရေးကိစ္စတွေဟာ သာမန် သာရေး၊ နာရေးကိစ္စသက်သက် မဟုတ်ဘဲ အဲဒီခေတ်နဲ့ ဖိနှိပ်အုပ်ချုပ်တဲ့ အစိုးရကို ဝေဖန်တဲ့ စကားဝိုင်းတွေ ဖြစ်နေတတ်ပါတယ်။ ဒီလို ပွဲလမ်းတွေကနေ အစိုးရ ဆန့်ကျင်သူတွေက အစိုးရကို အာခံဖို့ ကြိုးပမ်းကြတာ ထိပ်တန်း လျှို့ဝှက်ချက်တခု မဟုတ်တော့ပါဘူး။ ဒီမိုကရေစီ လိုလားသူတွေရော၊ အစိုးရတွေ ကိုယ်တိုင်ရော ကောင်းစွာ သဘောပေါက်ထားတဲ့၊ လူတိုင်းသိတဲ့ လျှို့ဝှက်ချက် တခုသာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို လူစုလူဝေး ကိစ္စတွေကို အစိုးရက မျက်ခြေ အပြတ်မခံသလို ဆန့်ကျင်ဘက် အုပ်စုတွေကလည်း ဘယ်တုန်းကမှ လက်လွှတ်မခံခဲ့ပါဘူး။

ထင်ရှားတဲ့ အဖြစ်အပျက်တွေကတော့ ၁၉၇၆ မတ်လ ၂၃ မှာ ကျရောက်တဲ့ သခင်ကိုယ်တော်မှိုင်းရဲ့ နှစ် ၁ဝဝ ပြည့်မွေးနေ့ကို အကြောင်းပြု ဖြစ်ပွားခဲ့တဲ့ မှိုင်းရာပြည့် အရေးတော်ပုံ၊ ၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာမှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ ဈာပနကို အကြောင်းပြု ဖြစ်ပွားခဲ့တဲ့ ဦးသန့် အရေးအခင်းတို့ ဖြစ်ပါတယ်။ အဲဒီ လှုပ်ရှားမှုတွေဟာ အစပိုင်းမှာ သာရေး၊ နာရေးကိစ္စလို့ ထင်ရပေမယ့် အစိုးရနဲ့ ဆန့်ကျင်ဘက် အင်အားစုတွေကြားမှာ ထိပ်တိုက်တွေ့မှုနဲ့ အဆုံးသတ်သွားပါတယ်။ အစိုးရ ဖြုတ်ချရေးအတွက် လှုပ်ရှားတဲ့ ဒီ အဖြစ်အပျက် ၂ ခုစလုံးမှာ ကျောင်းသားပေါင်း ရာချီ အဖမ်းခံခဲ့ရသလို အစိုးရ ဆန့်ကျင်တဲ့ မျိုးဆက်သစ် များစွာကို မွေးထုတ် ပေးနိုင်ခဲ့ပါတယ်။ ၁၉၇၆ ခုနှစ်မှာ ကွယ်လွန်တဲ့ နိုင်ငံကျော် စာရေးဆရာ သခင်မြသန်း၊ ၁၉၇၈ မှာ ကွယ်လွန်တဲ့ စာရေးဆရာ ဗမော်တင်အောင်တို့ရဲ့ ဈာပန အခမ်းအနားတွေဟာလည်း သာမန် နာရေးကိစ္စသာမက နိုင်ငံရေး အဓိပ္ပာယ်တွေ ပျော်ဝင်နေခဲ့ပါတယ်။ ဒီလက်ဝဲ စာရေးဆရာ ၂ ယောက် စလုံးဟာ စစ်အစိုးရကို အံတုလို့ အကျဉ်းထောင်နဲ့ ကျွန်းတွေမှာ သက်တမ်း အတော်များများ ကျင်လည်ခဲ့သူတွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့မှာ ကွယ်လွန်သွားတဲ့ မန္တလေးက လူထု သတင်းစာ ဆရာမကြီးရဲ့ ဈာပနကို ဒီမိုကရေစီ ဘက်တော်သားတွေ တက်ရောက်ကြသလို ဒေါ်အောင်ဆန်းစုကြည်ကလည်း နေအိမ်အကျယ်ချုပ် ဘဝကနဲ့ နှင်းဆီပန်းခွေတခွေ ပို့ခဲ့ပါသေးတယ်။ ဒီဘက်ခေတ်မှာ ဒေါ်အမာ၊ ဆရာကြီး ဒဂုံတာရာတို့ရဲ့ မွေးနေ့ တွေဟာ ဒီမိုကရေစီဘက် တော်သားတွေအတွက် ဆုံချက်ဖြစ်ပါတယ်။ ဒေါ်အမာဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နေ့က ၉၂ ပြည့် မွေးနေ့ကို နောက်ဆုံး ကျင်းပခဲ့ပါတယ်။ ပြီးခဲ့တဲ့ မေလ ၁ဝ ရက်နေ့မှာ အသက် ၉ဝ ပြည့်သွားတဲ့ ဆရာကြီး ဒဂုံတာရာကတော့ မြန်မာပြည်ရဲ့ လက်ရှိ နိုင်ငံရေး၊ လူမှုရေး အကျပ်အတည်းတွေ အောက်မှာ မွေးနေ့ပွဲ မကျင်းပလိုတာကြောင့် ထားလိုက်ပါတယ်။ မေလ ၂-၃ ရက်နေ့ မုန်တိုင်းနဲ့၊ မေလ ၁ဝ ရက်နေ့မှာ စစ်အစိုးရက လူထုဆန္ဒ ခံယူပွဲတို့ဟာ ဆရာကြီးရဲ့ မွေးနေ့ပွဲကို ဖျက်ဆီးခဲ့တဲ့ အဓိက လက်သည်တွေ ဖြစ်ပါတယ်။

မွေးနေ့ပွဲလို၊ ဈာပနလို့ သာမန်ကိစ္စတွေဟာ အစိုးရရေးအထိ ဖြစ်လာဖူးတဲ့ အတိတ်က သင်ခန်းစာကြောင့် စစ်အစိုးရ ထောက်လှမ်းရေးတွေရဲ့ ကင်မရာ မီးရောင်အောက်မှာ ကျင်းပရလေ့ ရှိပါတယ်။ ဒီအခြေအနေတွေ အောက်မှာပဲ ဒေါ်အမာတို့၊ ဒဂုံတာရာတို့ရဲ့ မွေးနေ့ပွဲတွေကို မြန်မာပြည် အရပ်ရပ်က ဒီမိုကရေစီ အင်အားစုတွေ အရောက် လာကြပါတယ်။ အခမ်းအနားမှာ မွေးနေ့ရှင်ကို ဂုဏ်ပြုကြရုံ သက်သက်မဟုတ်ဘဲ မြန်မာပြည် ရဲ့ နိုင်ငံရေး အခြေအနေ အရပ်ရပ်ကို သုံးသပ်ကြ၊ အကြောင်းအမျိုးမျိုးကြောင့် မွေးနေ့ပွဲ မတက်ရောက်နိုင်တဲ့ သူတွေကို အောက်မေ့ကြ၊ လမ်းခုလတ်မှာ ကျဆုံးသွားတဲ့ သူတို့ရဲ့ လုပ်ဖော်ကိုင်ဘက်တွေကို သစ္စာပြုကြ စတဲ့ နိုင်ငံရေး ရည်ရွယ်ချက်တွေကို တက်ရောက်လာသူတွေက မမေ့မလျော့ လုပ်ဆောင်ကြပါတယ်။ တနည်း ပြောရရင် မြန်မာပြည်က သြဇာ တက္ကမကြီးတဲ့ မွေးနေ့ပွဲ အခမ်းအနားတွေဟာ စစ်အစိုးရ လက်အောက်မှာ ရှားရှားပါးပါးရတဲ့ လူထုတွေရဲ့ ပြောရေးဆိုခွင့်၊ စစ်အစိုးရကို ဝေဖန်ခွင့်နဲ့ နားထောင်ခွင့်ရတဲ့ နိုင်ငံရေး တရားပွဲတွေ ဖြစ်ပါတယ်။

အထက်က မွေးနေ့ပွဲတွေအပြင် လုပ်ဖော်ကိုင်ဘက် လူတစုလောက်နဲ့ အကျဉ်းရုံးကျင်းပတဲ့ မွေးနေ့ပွဲတွေလည်း ရှိပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့ကလည်း လွတ်လပ်ရေးတိုက်ပွဲဝင် သခင်သိန်းဖေရဲ့ ၉၂ နှစ်ပြည့်မွေးနေ့ကို ရန်ကုန်မှာ ကျင်းပပြီး သခင်တွေက မြန်မာပြည် အခြေအနေ ဟာ လွတ်လပ်ရေး မရခင်ကထက် လူ့အခွင့်အရေး ဆုံးရူံးမှုတွေ ရှိတယ်လို့ ရေးထားတဲ့ စစ်အစိုးရကို ဝေဖန်တဲ့ သဘောထားကို ထုတ်ပြန် ပါတယ်။ မတ်လ ၁၂ ရက်နေ့ကလည်း ဟံသာဝတီဦးဝင်းတင်ရဲ့ မွေးနေ့ အခမ်းအနားကို လုပ်ဖော်ကိုင်ဘက် သတင်းစာဆရာတွေက နှစ်စဉ် ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါသေးတယ်။ ၇၈ နှစ်ပြည့်မွေးနေ့မှာ ဦးဝင်းတင်က “စု၊ လွှတ်၊ တွေ့” ဆိုတဲ့ သူရဲ့မူကို မွေးနေ့ သတင်းစကားအဖြစ် အင်းစိန်ထောင်ထဲကနေ အပြင်ကမ္ဘာကို သတင်းစကား ပါးလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပါ၊ လွှတ်တော်ခေါ်ပါ။ တွေ့ဆုံ ဆွေးနွေးပါဆိုတဲ့ အဓိပ္ပာယ်ပါ။

မွေးနေ့ပွဲ နိုင်ငံရေး ယဉ်ကျေးမှုကို အတိုက်အခံတွေ သာမက စစ်အစိုးရဘက်ကလည်း အသုံးပြုခဲ့တာတွေလည်း ရှိပါတယ်၊ အထင်ရှားဆုံး ကတော့ ကွယ်လွန်သွားတဲ့ ကရင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မြရဲ့ မွေးနေ့ကို ဗိုလ်ချုပ်ခင်ညွန့်က ရန်ကုန်မြို့မှာ ခမ်းခမ်းနားနား ကျင်းပပေးခဲ့တာ ဖြစ်ပါတယ်။ ကရင်အမျိုးသားဝတ်စုံ ဝတ်ထားတဲ့ ထောက်လှမ်းရေး ခေါင်းဆောင်ကြီးဟာ ကရင့် အမျိုးသား ခေါင်းဆောင်ကြီး အတွက် ဟန်ပါပါ မွေးနေ့ ဆုတောင်း ပေးခဲ့တဲ့ပုံရိပ်ဟာ ဟာသ ဆန်ခဲ့ပါတယ်။ စစ်အစိုးရ ခေါင်းဆောင်တွေထဲမှာ သံခင်တမန်ခင်း အကောင်းဆုံးလို့ သတ်မှတ်ခံရတဲ့ ထောက်လှမ်းရေး ခေါင်းဆောင်ဟာ ဒီမိုကရေစီ ဘက်တော်သားတွေရဲ့ မိခင်ဖြစ်တဲ့ ဒေါ်အမာရဲ့ မွေးနေ့ကို ပန်းခြင်းပို့ခဲ့တဲ့ အခါလည်း ရှိခဲ့ပါသေးတယ်။ ဒါပေမဲ့ ဒီတကြိမ်ကလည်း ကြောင်တောင်တောင် လူရယ်စရာ အဖြစ်အပျက်တခုပဲ ဖြစ်ခဲ့ရပါတယ်။

အစကို ပြန်ကောက်ရရင် မနက်ဖြန်မှာ ဒေါ်အောင်ဆန်းစုကြည် အသက် ၆၃ နှစ်ပြည့်ပါတယ်။ ပြီးခဲ့တဲ့ တလအတွင်းကလည်း ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်ရေးထက် ဒုက္ခသည်တွေ အရေးကို ပိုအာရုံစိုက်သင့်တယ် ဆိုတဲ့ အယူအဆတခုက ရေပန်းစားခဲ့ပါသေးတယ်။ အခုလည်း ဧရာဝတီတိုင်းမှာ အခြေအနေ ဆိုးနေတုန်းပါပဲ။ ဒီလိုအခြေအနေနဲ့ တိုက်ဆိုင်စွာပဲ လူထုခေါင်းဆောင်က အသက် ၆၃ နှစ်ပြည့်သွားတာပါ။ မုန်တိုင်းကြောင့် လူသန်းချီ ဒုက္ခရောက်နေတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကိစ္စ၊ တနည်း မွေးနေ့ပွဲ ကျင်းပရတာ မလျှော်ကန်ဘူးဆိုတဲ့ အမြင်တွေ ပေါ်ထွက်လာတာ မဆန်းပါဘူး။ ဒါပေမဲ့ မနက်ဖြန် မွေးနေ့ပွဲမှာ “Happy Birthday!” ဟာ သာမန်ကိစ္စသာ ဖြစ်ပါတယ်။ စည်းရုံး ဆော်သြသူတွေ အနေနဲ့ လူပုဂ္ဂိုလ်တွေ၊ အဖြစ်အပျက်တွေထက် အဲဒါတွေနောက်မှာ ရှိတဲ့လေးနက်တဲ့ တန်ဖိုးတွေကို မျက်ခြေပြတ်မယ်လို့တော့ မထင်ပါဘူး။
mizzima news

ဆက်လက်ဖတ်ရှုရန်...

Tuesday, June 17, 2008

ဓားပြများက ကျောင်းဆရာမကို ပြန်ပေးဆွဲ

အင်္ဂါနေ့၊ ဇွန်လ 17 2008 16:41 - မြန်မာစံတော်ချိန်

အိုက်ဇော။ ။ ချင်းပြည်နယ် ပလက်ဝမြို့နယ် ပေါင်းမိုကျေးရွာရှိ ကျောင်းဆရာမ တဦးနှင့် ကောလိပ် ကျောင်းသူတဦးကို အမည်မသိ လက်နက်ကိုင် ၅ ဦးက ယခုလ ၉ ရက်နေ့က ပြန်ပေးဆွဲသွားသည်။


၉ ရက်နေ့ ညပိုင်းတွင် လက်နက်ကိုင် ဓားပြ ၅ ဦးသည် ကျေးရွာအတွင်း ဝင်ရောက်ကာ ရွာလူကြီးများအား ခေါ်ယူပြီး ကျပ်ငွေ သိန်း ၇ဝ တောင်းရာ သိန်း ၂ဝ သာ ပေးနိုင်သဖြင့် ပေါင်းမိုရွာ မူလတန်း ကျောင်းဆရာမ မအောင်ပ (၂၆ နှစ်) နှင့် အဘ ဦးဇာနည်အောင် ၏ သမီးဖြစ်သူ ကောလိပ်ကျောင်းသူ မရာရီး (၁၈ နှစ်) တို့အား ပြန်ပေးဆွဲသွားခြင်း ဖြစ်သည်၊၊

“လက်နက်ကိုယ်စီ ကိုင်ပြီး ညမှာ ရွာထဲကို သူတို့ ဝင်လာတယ်။ ရပ်ရွာလူကြီးတွေ ခေါ်ပြီးမှ ငွေတောင်းတယ်။ သိန်း ၇ဝ တောင်းတယ်။ လူကြီးတွေက သိန်း ၂ဝ ပဲ ပေးနိုင်တာကြောင့် ကျန်တဲ့ သိန်း ၅ဝ အတွက် အမျိုးသမီး နှစ်ယောက်ကို ပြန်ပေးဆွဲတဲ့ သဘောနဲ့ ခေါ်သွားတယ်” ဟု ပလက်ဝမြို့မှ အမည်မဖော်လိုသူ ဒေသခံတဦးက ပြောသည်၊၊

မျက်နှာဖုံး စွပ်မထားသည့် ဓားပြများသည် ရွာထဲတွင် ဗမာစကားသာ ပြောဆိုခဲ့ပြီး၊ ကျန်ရှိသည့်ငွေ ပေးချေရမည့် နေရာကို ပြောဆိုခြင်း မရှိသေးကြောင်းနှင့် သူတို့သည် မည်သည့် လက်နက်များ ကိုင်ဆောင်ခဲ့သည်ကို မခန့်မှန်းနိုင်ကြောင်း ဒေသခံများက ဆိုသည်။

ဓားစာခံ အမျိုးသမီးများနှင့် ပတ်သက်ပြီး ရွာမှ တရက်ကြာ လမ်းလျှောက်သွားရသည့် စဥ့်အိုးဝကျေးရွာ အခြေစိုက် ပြည်သူ့ ရဲတပ်ဖွဲ့ထံ ကျေးရွာ လူကြီးများက တိုင်ကြားသော်လည်း တာဝန်ယူ ဖြေရှင်းနိုင်ခြင်း မရှိသေးပါ။

ဓားစာခံများ၏ ဆွေမျိုးများကမူ ဖမ်းဆီး ခံထားရသူများ ပြန်လည် လွတ်မြောက်ရေးအတွက် လိုအပ်သည့်ငွေ ပြည့်မီရန် ရှာဖွေနေကြသည်။

မရာရီး၏ ဆွေမျိုးတဦးက “ဖမ်းသွားကတည်းက အခုထိ သူတို့ ဘာမှ အကြောင်းမကြားသေးဘူး၊ ဘယ်နေရာမှာ ထားသလဲဆိုတာလည်း မသိရဘူး။ အခု ကျန်နေသေးတဲ့ ပိုက်ဆံကိုလည်း သူတို့ကို ပြန်ရွေးဖို့ ရှာနေရတယ်။ အတိုးနဲ့ချေးဖို့ ရှာနေတုန်း” ဟု ပြောသည်၊၊

ယခင်ကလည်း ပလက်ဝမြို့နယ် ကျေးရွာအချို့တွင် လက်နက်ကိုင် အချို့က အလားတူ ဆက်ကြေးသဘော တောင်းခံမှုမျိုး ရှိခဲ့ဟု ဆိုသည်။
MIZZIMA NEWS

ဆက်လက်ဖတ်ရှုရန်...

Thursday, June 12, 2008

မြန်မာတပြည်လုံးတွင် SAVE BURMA အမည်ရ စစ်သင်္ဘောများ ဗွီစီဒီခွေ ပျံ့နှံ့နေ

12-6-2008

နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး နှစ်ပတ်အကြာက မြန်မာလေဘေးဒုက္ခသည်များကို ကယ်ဆယ်ကူညီရေး လုပ်ဆောင်ရန်အတွက် အမေရိကန်စစ်သင်္ဘောများ ဖြစ်ကြသည့် USS Essex, USS Juneau နှင့် USS Harpers၊ ပြင်သစ်စစ်သင်္ဘော Le Mistral နှင့် ဗြိတိသျှစစ်သင်္ဘော HMS Webminster တို့သည် မြစ်ဝကျွန်း ပေါ်ကမ်းရိုးတန်းအနီးသို့ ဦးတည်ခုတ်မောင်းခဲ့ကြသည်။ အဆိုပါ စစ်သဘောင်္ (၅)စင်း မြစ်ဝကျွန်းပေါ် ကမ်းရိုး တန်းအနီးသို့ ဦးတည်ခုတ်မောင်းလာပုံကို ပြသထားသည့် SAVE BURMA အမည်ရ ဗွီစီဒီ မှတ်တမ်းခွေသည် ယခုအခါ မြန်မာတနိုင်ငံလုံးတွင် ပျံ့နှံ့နေပြီး မြန်မာစစ်တပ်အတွင်းမှ စစ်သားမိသားစုများပင် စိတ်ဝင်တစား ၀ယ်ယူအားပေး ကြည့်ရှုနေကြကြောင်း၊ မြန်မာပြည်သူများကြားတွင် “သဘောင်္ခွေ”ဟု လူသိများလျက်ရှိ ကြောင်း သတင်းရရှိသည်။ လက်ဖက်ရည်ဆိုင်များ၊ ဘီယာဆိုင်များတွင် အဆိုပါ ဗွီစီဒီအခွေကို ၀ိုင်းအုံကြည့်ရှု နေကြပြီး လက်ခုပ်လက်ဝါးတီးကာ “မြန်မြန် ၀င်ပါတော့ဗျို့”ဟု အော်ဟစ် အားပေးနေကြကြောင်း မျက်မြင် သက်သေတဦးက ပြောကြားသည်။


အမေရိကန်စစ်သင်္ဘောများ ဖြစ်ကြသည့် USS Essex, USS Juneau နှင့် USS Harpers တို့သည် မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းအနီး ရေမိုင် (၆၀)အကွာ၌ လည်းကောင်း၊ ပြင်သစ်စစ်သင်္ဘော Le Mistral သည် ရေမိုင် (၁၃)မိုင်အကွာ၌ လည်းကောင်း၊ ဗြိတိသျှစစ်သင်္ဘော HMS Webminster သည် ရေမိုင် (၁၂)မိုင် အကွာ၌လည်းကောင်း အသီးသီး စောင့်ဆိုင်းနေခဲ့ကြသည်။ ယခုအခါ မြန်မာစစ်အစိုးရက ကယ်ဆယ်ကူညီ ရေးအတွက် ၀င်ရောက်ခွင့်ပြုရန် ငြင်းဆန်သဖြင့် အမေရိကန်နှင့် ပြင်သစ်စစ်သင်္ဘောများ ပြန်လည်ဆုတ်ခွာ သွားကြပြီး ဗြိတိသျှစစ်သင်္ဘော HMS Webminster သာ ဆက်လက်စောင့်ဆိုင်းလျက်ရှိသည်။

မြန်မာပြည်တွင်းမှ ရောက်ရှိလာသည့် အဆိုပါ ဗွီစီဒီခွေသည် မဲဆောက်မြို့ရှိ မြန်မာရွှေပြောင်း အလုပ်သမား များ ကြားတွင်လည်း ပျံ့နှံ့လျက်ရှိပြီး ကြည့်ရှုသူအပေါင်းက မိမိတို့၏ ညီနောင်သားချင်း ဒုက္ခသည်များကို အလျင်အမြန် ကယ်တင်ရန်အတွက် စစ်သင်္ဘောများ မြန်မြန်ဝင်ရောက်ပါစေဟု ပြောဆိုနေကြကြောင်း ကြားသိရသည်။ အဆိုပါ ဗွီစီဒီခွေကို ကြည့်ရှုရသူ မြန်မာရွှေ့ပြောင်း အလုပ်သမားတဦးက “ရေလည်မိုက် တယ်ဗျာ၊ ကြည့်ရတာနဲ့တင် အားတော်တော်ရှိသွားတယ်။ ဗြိတိသျှစစ်သင်္ဘောကြီးဆို ဒုံးကျည်တွေတောင် ပစ်ပြနေသေးတယ်။ အဲဒီစစ်သင်္ဘောတွေ မြန်မြန်ဝင်ပါစေဗျာ။ ကျနော်တို့ ပြည်သူတွေလည်း အရမ်းကို ဒုက္ခရောက်နေကြပါပြီ။ ဒီစစ်သင်္ဘောတွေဝင်မှ သန်းရွှေတို့လည်း မြန်မြန်ထွက်ပြေးမှာ။ သူတို့ထွက်ပြေးမှ တိုင်းပြည်ကောင်းသွားမှာလေ။ ဒါကြောင့် မြန်မြန်ဝင်လေ ကောင်းလေပဲ”ဟု ပြောဆိုသည်။

နာဂစ်မုန်တိုင်းဒဏ်သင့် မြန်မာဒုက္ခသည်များသည် မုန်တိုင်းတိုက်ခတ်ပြီး တစ်လနှင့် ဆယ်ရက်ရှိပြီဖြစ်သည့် ယနေ့အချိန်အထိ အကူအညီများ ထိထိရောက်ရောက် မရရှိသေးဘဲ စားရမဲ့၊ သောက်ရမဲ့၊ အမိုးအကာမဲ့ ဘ၀များနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့်အတွက် ဆက်လက် အသက်ရှင်သန်နိုင်ရန် နိုင်ငံတကာ အကူအညီ များကို အကြီးအကျယ် မျှော်လင့်စောင့်စားလျက်ရှိသည်။ နာဂစ်မုန်တိုင်းကြောင့် လူပေါင်း တသိန်းခွဲခန့် သေဆုံးပြီး ၂.၅သန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်ကာ အတိဒုက္ခရောက်လျက်ရှိသည်။

အပြည့်အစုံသို့...

ပြန်ခေါက်ထားပါ...

Posted by ဒေါက်တာလွဏ်းဆွေ at 1:04 AM

ဆက်လက်ဖတ်ရှုရန်...

လေဘေး အကူအညီအတွက် တံခါးဖွင့်ထားရန် သခင်သိန်းဖေ ပန်ကြား

နေသွင်
ကြာသပတေးနေ့၊ ဇွန်လ 12 2008 14:44 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ စစ်အစိုးရအနေဖြင့် လေဘေး ဒုက္ခသည်များထံ အကူအညီ အလုံအလောက် ရရှိရေးအတွက် ကျွမ်းကျင်သူများနှင့် အကူအညီ များကို ခွင့်ပြု လက်ခံရန် သက်ရှိထင်ရှား လွတ်လပ်ရေး တိုက်ပွဲဝင် ရဲဘော်ဟောင်းကြီးက ယနေ့ တိုက်တွန်းလိုက်သည်။


မုန်တိုင်းကျပြီး တလကျော်ကြာ ယခုထိ ဝေးလံခေါင်ဖျားဒေသမှ လေဘေး ဒုက္ခသည်များထံ အကူအညီများ မရောက်ရှိဟူသော သတင်းစကား များ ကြားရပြီးနောက် အသက် ၉၂ နှစ်ပြည့်သွားပြီ ဖြစ်သည့် သခင်သိန်းဖေက ယခုလို ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အစိုးရအနေနဲ့ တတ်နိုင်သမျှ လုပ်ဆောင်ပေးနေပေမယ့် လုံလောက်မှု မရှိတာ ကြားနေရတယ်။ သမာရိုးကျ အတင်းအကျပ် တံခါးပိတ် ထားတာမျိုး မလုပ်ဘဲနဲ့ နိုင်ငံထဲကို ဝင်ရောက်ပြီး ဘေးဒုက္ခရောက်နေတဲ့ ကိုယ့်တိုင်းသူပြည်သားတွေကို ထိထိရောက်ရောက် အကူအညီ ပေးနိုင်ရေးကို ဆောင်ရွက်သင့်ပါတယ်။ ခွင့်ပြုသင့်ပါတယ်” ဟု ရန်ကုန်မြို့ နေအိမ်တွင် ပြုလုပ်သည့် သူ၏ မွေးနေ့ အခမ်းအနားတွင် သခင်သိန်းဖေက ပြောဆိုသွားသည်။

အခမ်းအနားသို့ သခင်လှကွန်း၊ သခင်လှမြင့်၊ သခင်သိန်းမောင်၊ သခင်ချန်ထွန်း စသော လုပ်ဖော်ကိုင်ဖက် သခင်ဟောင်းကြီးများ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ထိပ်တန်း ခေါင်းဆောင်များဖြစ်သည့် ဦးစိုးမြင့်၊ ဦးညွန့်ဝေ၊ ဦးမြင့်သိန်း နှင့် ဦးသုဝေ၊ ဦးဝင်းနိုင် အပါအဝင် ထင်ရှားသော နိုင်ငံရေးသမားများနှင့် ဧည့်ပရိသတ် ၁ဝဝ ခန့် တက်ရောက်ကြသည်။

ဝါရင့် နိုင်ငံရေးသမားကြီးက မြန်မာပြည်၏ လက်ရှိ အခြေအနေ အရပ်ရပ်သည် လွတ်လပ်ရေးမရခင် အချိန်ကထက်ပင် ဖိနှိပ်မှု၊ အကြမ်းဖက်မှု များ ရှိနေပြီး လွတ်လပ်ရေး တိုက်ပွဲဝင်စဉ်က မျှော်မှန်းခဲ့သော လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ အမျိုးသား သွေးစည်း ညီညွတ်ရေး နှင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးတို့ လုံးဝ ပျောက်ကွယ်နေသည်ဟု ဝေဖန်သည်။

လွတ်လပ်ရေးတိုက်ပွဲဝင် လုပ်ဖော်ကိုင်ဖက်များသည် မေလ ၂၂ ရက်နေ့ကလည်း လေမုန်တိုင်းအလွန် ပြန်လည် ထူထောင်ရေး လုပ်ငန်များတွင် အင်ဒိုနီးရှားနိုင်ငံ၏ ဆူနာမီ အတွေ့အကြုံကို နမူနာယူရန် စစ်အစိုးရကို တိုက်တွန်းခဲ့သေးသည်။ ၂ဝဝ၄ ခုနှစ် ဆူနာမီ ဖြစ်စဉ်က အင်ဒိုနီးရှား နိုင်ငံတွင် ပြည်တွင်းနိုင်ငံရေး ပြဿနာများ ရှိနေသော်လည်း နိုင်ငံတကာမှ အကူအညီ ပေးသူများကို အတားအဆီးမရှိ လွတ်လပ်စွာ ကူညီခွင့်ပေးခဲ့သည့် နမူနာကို ရယူရန် ထောက်ပြခဲ့ခြင်း ဖြစ်သည်။

သခင်သခင်ချန်ထွန်း (၈၇ နှစ်) က စစ်ခေါင်းဆောင်များ၏ သဘောထား ပျော့ပြောင်းမည့် အချိန်ကို ဆုတောင်းနေရသည်ဟု ပြောသည်။ ပုံမှန်အားဖြင့် နိုင်ငံရေးသမားကြီးများ၏ တိုက်တွန်းချက်ကို စစ်အစိုးရက အလေးဂရုပြုသည့် လက္ခဏာ ပြသမှု မရှိပေ။

“ကျနော်တို့ အနေနဲ့က ကျနော်တို့ ထုတ်သမျှတွေ၊ တိုက်ရိုက်ပေးစာတွေ အကုန်လုံးကို အရောက်ပို့ပေးပါတယ်။ ကမ္ဘာ့ကလည်း တိုက်တွန်း၊ ကျနော်တို့ကလည်း တိုက်တွန်း၊ အားလုံးက တိုက်တွန်းနေမှာပဲ။ လက်ရှိ တပ်မတော် ခေါင်းဆောင်တွေ အနေနဲ့ သူတို့က ဘယ်သူမှ၊ ဘာမှ ဂရုစိုက်ဘူး၊ လုပ်ချင်ရာ လုပ်မယ်ဆိုပြီး လုပ်နေတာ၊ မြင်နေတာပဲ။ ဘယ်တော့ ပျော့ပြောင်းလာမယ် ဆိုတာတော့ ကျနော်တို့ စောင့်ကြည့် နေရတာပါပဲ။ သဘောထားတွေ ပြောင်းပါစေတော့လို့ ဆုတောင်းနေရတာပဲ” ဟု သခင်ချန်ထွန်းက ပြောသည်။

ယမန်နေ့က ထုတ်ပြန်သော စစ်အစိုးရ အာဘော် သတင်းစာတွင် ယခုအချိန်တွင် ပြည်ပမှ ဝင်ရောက်လာပြီး လေဘေးသင့် ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူပေါင်း ၅၆၉ ဦး ရှိသည်ဟု ဆိုသည်။ သူတို့တွင် ကုလသမဂ္ဂ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့များနှင့် တသီးပုဂ္ဂလများ ပါဝင်သည်ဟု ဆိုသည်။

လူပေါင်း ၁ သိန်းခွဲနီးပါး အသေအပျောက် ရှိခဲ့သော မြစ်ဝကျွန်းပေါ်မှ ကယ်ဆယ်ရေး လုပ်ငန်းများအတွက် အနည်းဆုံး ၆ လကြာ အချိန်ယူ ရမည်ဟု ကုလသမဂ္ဂက တွက်ဆထားသော်လည်း စစ်အစိုးက မြစ်ဝကျွန်းပေါ်တွင် ကယ်ဆယ်ရေး လုပ်ငန်းများ ပြီးဆုံးကာ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ စတင်နေပြီဟု ဆိုသည်။

ဤအတောအတွင်း မြစ်ဝကျွန်းပေါ် အစွန်အဖျား ဒေသသို့ ရှေ့ပြေး ရောက်သွားသော သုံးပွင့်ဆိုင် ကယ်ဆယ်ရေး အဖွဲ့က ဒေသတွင်း၌ အကူအညီများ လိုအပ်နေသည်ဟု ပြောသည်။ ကုလသမဂ္ဂ၊ အာဆီယံနှင့် မြန်မာတို့ ပါဝင်သော အဖွဲ့သည် ယခုအခါ မြစ်ဝကျွန်းပေါ်ဒေသ၏ နောက်ဆုံး အခြေအနေကို ကွင်းဆင်းကာ အချက်အလက် စုဆောင်းနေဆဲ ဖြစ်သည်။
MIZZIMA NEWS မှယူပါသည်

ဆက်လက်ဖတ်ရှုရန်...

သားဖြစ်သူ မူးယစ် ရောင်းဝယ်၍ ထိပ်တန်း ဗိုလ်ချုပ်ကြီးတဦး နှုတ်ထွက်ရတော့မည်

12-6-2008
နယူးဒေလီ။ ။ သားဖြစ်သူ တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုများတွင် ပါဝင်နေခြင်းကြောင့် ကစထ (၁) မှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်ကို နှုတ်ထွက်ခိုင်းထားသည်ဟု သတင်းများ ကြားသိရပါသည်။

စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့် နှုတ်ထွက် စေလိုသည်ဟု ဆိုသည်။

“(ဒုတိယ ဗိုလ်ချုပ်ကြီး) ရဲမြင့် ဒီနေ့ (ဗုဒ္ဓဟူးနေ့) ဒါမှမဟုတ် မကြာခင် သွားတော့မှာပါ” ဟု စစ်အစိုးရနှင့် နီးစပ်သော သတင်းရပ်ကွက် တခုက မဇ္ဈိမကို ပြောကြားသွားပါသည်။

ငြိမ်းချမ်းရေး အဖွဲ့များနှင့် ဆက်သွယ် ဆောင်ရွက်ရာ၌ တချိန်က ရဲမြင့်သည် သန်းရွှေ၏ အထူး ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပေးခဲ့ရသူ ဖြစ်သည်။ မက်တာ အင်ဖက်တမင်း ဆေးပြားများ အဓိက ထုတ်လုပ်သူ ဖြစ်သည့် ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) အပါအဝင် ငြိမ်းအဖွဲ့များကို မိမိအလိုအလျောက် လက်နက်စွန့်ရန် ဆက်သွယ် ပြောဆို ဆွေးနွေးခဲ့ရသူ ဖြစ်သည်။

(UWSA) သည် ပြည်တွင်း မူးယစ်ဆေးဝါး ဈေးကွက် အများစုကို ချုပ်ကိုင်ရန် ရည်ရွယ် ကြံစည်ခြင်း ဖြစ်သည်ဟု ထိုအမှုကို စုံစမ်းနေသော အဖွဲ့က သင်္ကာမကင်း ဖြစ်နေသည်ဟု ရန်ကုန်မြို့ရှိ မဇ္ဈိမ လျှို့ဝှက် သတင်းထောက်က သတင်း ပေးပို့ပါသည်။

ဒုဗိုလ်ချုပ်ကြီး ရဲမြင့်၏သား အောင်ဇော်ရဲမြင့်ကို မေလ နောက်ဆုံးအပတ်က ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ဤသတင်းကို မဇ္ဈိမက ဇွန်လ (၅) ရက်နေ့က စတင်ဖေါ်ပြခဲ့ပြီး ဖြစ်သည်။ ဤဖမ်းဆီး နှိမ်နင်းမှုတွင် ငယ်ရွယ်သော စီးပွါးရေးသမား တဦးလည်းဖြစ်၊ မြန်မာနိုင်ငံ၏ အချမ်းသာဆုံး စာရင်းဝင် တဦးလည်းဖြစ်သူ မောင်ဝိတ် လည်း အခြား ရုပ်ရှင်လောကမှ နာမည်ကြီး အနုပညာရှင်များနှင့်အတူ အဖမ်းခံခဲ့ရသည်။

စစ်ထောက်လှမ်းရေးနှင့် အထူး ရဲတပ်ဖွဲ့တို့က ကြည်မြင်တိုင် မြို့နယ်အတွင်းရှိ အောင်ဇော်ရဲမြင့်ပိုင် ရဲတံခွန် ဆောက်လုပ်ရေး ကုမ္ပဏီရုံးခန်းကို ဝင်ရောက် ရှာဖွေရာတွင် မူးယစ်ဆေးဝါးများ၊ သေနတ်တလက်၊ လက်ထိပ်များနှင့် မြန်မာငွေကျပ် သန်းပေါင်းများစွာကို သိမ်းဆည်းရမိခဲ့သည် ဟု ဆိုသည်။

“တခန်းလုံး တထောင်တန် ငွေစက္ကူတွေနဲ့ ပြည့်နေတာဘဲဗျာ” ဟု စစ်အစိုးရနှင့် နီးစပ်သူတဦးက မဇ္ဈိမသို့ ပြောကြားသွားပါသည်။

မူးယစ်ဆေးဝါးဂိုဏ်းနှင့် ဆက်စပ်နေသည်ဟု ဖေါ်ထုတ် ရရှိခဲ့ခြင်းကြောင့် မောင်ဝိတ်နှင့် မိသားစုကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာဖြစ်သူ မောင်ဝိတ်ကိုပါ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည် ဟု ပြည်ထဲရေး ဝန်ကြီးဌာန သတင်းရပ်ကွက်က ပြောဆိုပါသည်။

မောင်ဝိတ်နှင့် မိသားစု ကုမ္ပဏီသည် ဆိုင်ကလုံး မုန်တိုင်းဒဏ် ခံခဲ့ရသော ဒေသတခု ဖြစ်သည့် ကျိုက်လတ်မြို့နယ်တွင် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများကို လုပ်ဆောင်နေသည်။

သို့သော် အခြား သတင်းရပ်ကွက် တခုကမူ မောင်ဝိတ်ထံမှ ဘာမှ မတွေ့ရဘဲ ပြန်လွှတ်ပေးခဲ့သည်ဟု ပြောသည်။ ရုပ်ရှင် မင်းသမီး အများစု ပါဝင်သည့် ရုပ်ရှင် သရုပ်ဆောင် အများအပြားလည်း ဤအမှုတွင် ဖမ်းဆီး ခံခဲ့ကြရပြီး ယခုအခါ ခံဝန်ဖြင့် လွှတ်ထားသည်ဟု ဆိုသည်။

ရဲအဖွဲ့၏ အလိုရှိသည် စာရင်းတွင် အောင်ဇော်ရဲမြင့်၏ ရင်းနှီးသော မိတ်ဆွေဖြစ်သည့် ရုပ်ရှင်မင်းသမီး နဝရတ် ရှေ့ဆုံးမှ ပါဝင်နေသည်။ သူတို့ ၂ ဦးသည် မူးယစ်ဆေးဝါး အရောင်းအဝယ် လုပ်ငန်းနှင့် ထိုင်းနိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့သို့ သွားရောက်ခဲ့ကြသည်ဟု ဤနာမည်ကြီးများနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက မဇ္ဈိမ ကို ပြောပါသည်။

အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အေဂျင်စီ (DEA) ၏ အစီရင်ခံစာများအရ မြန်မာနိုင်ငံသည် မက်တာအင် ဖင်တမင်း ထုတ်လုပ်မှုတွင် အာရှ၌ အကြီးမားဆုံး နိုင်ငံဖြစ်ပြီး အိမ်နီးချင်း နိုင်ငံများသို့ သာမက အမေရိကန် ပြည်ထောင်စုသို့လည်း တင်ပို့ ရောင်းချနေသည်ဟု ဆိုသည်။

ရာဘ နှင့် အခြား စိတ်ကြွဆေးများ ကဲ့သို့သော တရားမဝင် မူးယစ်ဆေးဝါးများကို သုံးစွဲနေကြသူများတွင် မြန်မာ သရုပ်ဆောင် နာမည်ကြီး အတော်များများသည် အောင်ဇော်ရဲမြင့်၏ ဖေါက်သည်များ ဖြစ်နေကြသည်မှာ ပြည်တွင်းတွင် အများသိသော လျှို့ဝှက်ချက်တရပ် ဖြစ်သည်။ ပြည်တွင်းတွင် ‘ခေါင်းခါဆေး’ ဟု လူသိများသော ခရစ် စတယ်မက်တာ အင်ဖင်တမင်းမှာ ရန်ကုန်မြို့၌ တပြားလျှင် ကျပ်ငွေ ၅ သောင်း ပေါက်ဈေး ရှိသည်။

အောင်ဇော်ရဲမြင့်နှင့် ပတ်သက်၍ ထိပ်တန်း ဗိုလ်ချုပ်ကြီး ၂ ဦး ဖြစ်သော သန်းရွှေနှင့် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးတို့က အောင်ဇော်ရဲမြင့်ကို လမ်းလုပ်ငန်းတခုနှင့် ပတ်သက်၍ အမျက်တော် ရှခဲ့ဖူးသည်။

မေမြို့-မန္တလေး လမ်းဖောက်လုပ်ရန် ရဲတံခွန် ကုမ္ပဏီကို အစိုးရက ကန်ထရိုက် ပေးခဲ့ရာ ကောင်းမွန်အောင် ဖောက်လုပ်ခဲ့ခြင်း မရှိသောကြောင့် အေးရှားဝေါလ်ဒ် (Asia World) ကုမ္ပဏီက တာဝန်ယူ၍ ပြန်လည် ဖောက်လုပ်ခဲ့ရသည်။
mizzima news

ဆက်လက်ဖတ်ရှုရန်...

အဲပုဂံ၏ ရန်ကုန်-ဘန်ကောက် ခရီးစဉ် သုံးလ ရပ်နားမည်

12-6- 2008

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အဲပုဂံလေယာဉ်များ ပြုပြင်မွမ်းမံ ပြင်ဆင်နေစဉ်။
မှတ်တမ်းဓါတ်ပုံ။ ။ မဇ္ဈိမ။


နယူးဒေလီ။ ။ အဲယားပုဂံ၏ ရန်ကုန်-ဘန်ကောက် ခရီးစဉ်ကို ဇွန်လ ၁၃ ရက်နေ့မှစ၍ သုံးလကြာ ခေတ္တရပ်ဆိုင်းမည် ဖြစ်ကြောင်း လေကြောင်းလိုင်း သတင်းရပ်ကွက် အပြောအရ သိရသည်။


လေကြောင်းကုမ္ပဏီက တရားဝင် အကြောင်းပြချက် မပေးဘဲ စက်တင်ဘာလအတွင်း အထိ လေကြောင်းလိုင်းကို ရပ်နားမည်ဟု လက်မှတ် အရောင်းဌာနများသို့ ပေးပို့သော အကြောင်းကြားစာတွင် ပါရှိသည်။

“လွန်ခဲ့တဲ့ အပတ်ကနေ ပြောထားတယ်။ ဒီလ ၁၃ ရက် နောက်ပိုင်းကနေ စက်တင်ဘာလလောက်အထိ ခဏပိတ်မယ် ပြောတယ်။ ပိုတဲ့ လက်မှတ်တွေကိုတောင် ပြန်အပ်လိုက်ပြီ” ဟု Nice Fare ခရီးသွားလုပ်ငန်းမှ လက်မှတ် အရောင်းဌာနမှ မန်နေဂျာ တဦးဖြစ်သူ ကိုသူရ က ပြောသည်။

ရန်ကုန်-ဘန်ကောက် ခရီးစဉ်အား အဲယားဘတ်စ် အေ ၃၁ဝ-၂ဝဝ လေယာဉ်များဖြင့် အပတ်စဉ် တနင်္လာနှင့် သောကြာ၂-ကြိမ် ပြေးဆွဲခဲ့ရာမှ ယခုအခါ လုံးဝ ရပ်နားသွားခြင်း ဖြစ်သည်။

စက်တင်ဘာ ၂ဝဝ၇ ခုနှစ် နောက်ပိုင်း ပြည်ပမှ လာရောက်သော ခရီးသည်များ သိသိသာသာ လျော့ပါးသွားမှုနှင့် အမေရိကန် နိုင်ငံက အဲပုဂံ ကုမ္ပဏီအပေါ် အရေးယူ ပိတ်ဆို့မှု ပြုလုပ်ထားသည့်အတွက် လေကြောင်းလိုင်းပိုင် လေယာဉ်များအတွက် အပိုပစ္စည်းများ ဝယ်ယူရရှိနိုင်မှု အကန့်အသတ်များကြောင့် ရပ်နားလိုက်ရခြင်း ဖြစ်သည်ဟု အဲပုဂံလီမိတက် သတင်းရပ်ကွက်များက ပြောသည်။

အဲပုဂံ လီမီတက်၏ သူဌေးမှာ ဦးတေဇဖြစ်ပြီး နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မိသားစု အပါအဝင် ထိပ်တန်း စစ်ဗိုလ်ချုပ်များ နှင့် အထူးတလည် ရင်းနှီးကျွမ်းဝင်သူ ဖြစ်သည်။

အမေရိကန်နိုင်ငံက အောက်တိုဘာ ၁၉ ရက်၊ ၂ဝဝ၇ ခုနှစ် မှစ၍ မြန်မာစစ်ဘက် ထိပ်တန်းခေါင်းဆောင် ၂၅ ယောက်နှင့် စစ်အစိုးရနှင့် အနီးကပ်ဆုံး ပူးပေါင်း ရှာစားနေသူ စီးပွားရေသမား ၁၂ ဦးတို့၏ ဘဏ်စာရင်းများကို ထိန်းချုပ်ခြင်းများ စတင်ခဲ့ရာ ဦးတေဇလည်း ပါဝင် သွားသည်။

စီးပွားရေးဆိုင်ရာ အရေးယူ ကန့်သတ်မှု ပြုလုပ်ခဲ့ပြီး ရက်အနည်းငယ်အကြာ အဲပုဂံ၏ ရန်ကုန်-စင်္ကာပူ-ရန်ကုန် ခရီးစဉ်ကို ရပ်နားခဲ့သည်။

ယခုလို ရန်ကုန်-ဘန်ကောက် ခရီးစဉ်အား ရပ်ဆိုင်းလိုက်သည့်အတွက် လက်မှတ်ဖိုးများ အပြည့် ပြန်အမ်းပေးမည် ဖြစ်သည့်အပြင် ကြိုတင် လက်မှတ်ယူထားသည့် ဘန်ကောက်မှ ရန်ကုန် လာမည့် ခရီးသည်များအားလည်း နိုင်ငံပိုင် မြန်မာ့ အပြည်ပြည်ဆိုင်ရာ လေကြောင်း အမ်အေအိုင် သို့ လွှဲပေးထားသည်။

အလားတူပင် အခြားသော ပုဂ္ပလိက လေကြောင်းလိုင်း တခုဖြစ်သော အဲမန္တလေး၏ ရန်ကုန်မှ ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ပျံသန်းသော ခရီးစဉ်အား ဇွန်လ ၇ ရက်မှစတင်ကာ သြဂုတ်လ အထိ ခေတ္တ ရပ်ဆိုင်းထားသည်။

“အသေးစိတ် ဘာမှ အကြောင်းကြားထားတာ မရှိဘူး။ လေယာဉ် ခရီးစဉ်ကို သြဂုတ်လ ၇ ရက်အထိ Suspend (ရပ်နား) လုပ်မယ်လို့ အကြောင်းကြားထားတယ်။” ဟု ရန်ကုန်အခြေစိုက် အဲမန္တလေးမှ အမည်မဖော်လိုသူ ဝန်ထမ်းတဦးက ပြောသည်။

“ခရီးသည် နည်းသွားလို့ ထင်ပါတယ်။ ခရီးသည်တွေက ခုမှ နဲနဲကျသွားတယ်။ အရင်ကတော့ အဲလို မဟုတ်ဘူး” ဟု သူက ဆက်ပြောသည်။

မြန်မာလုပ်ငန်းရှင်များပိုင် လေယာဉ် ခရီးစဉ်များ သာမက ပြည်ပ ကုမ္ပဏီများပိုင် လေကြောင်းလိုင်းများလည်း မြန်မာနိုင်ငံသို့ ပြေးဆွဲနေသော ခရီးစဉ်များကိုလည်း အခေါက်ရေ လျော့ချ ပြေးဆွဲနေသည်။

ဆက်လက်ဖတ်ရှုရန်...